အကူသွားတာ နောင်ချိုတောင်မရောက်လိုက်ဘူး

နောင်ချိုမြို့သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မသီး၊ အုမ္မခါးလမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီ သံချပ်ကာ ယာဉ် တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF မှ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့ဘက်သို့ ဦးတည် ထွက်ခွာလာသော သံချပ် ကာယာဉ် ၂ စီး အပါအဝင် စစ်ကား အစီး ၃၀ ခန့် နှင့် အကြမ်းဖက်စစ်သား ၁၅၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က နောင်ချိုမြိုနယ် အုမ္မသီး၊အုမ္မခါး လမ်းခွဲ အနီး၌ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ၁ စီး ထိခိုက်ပျက်စီးပြီး စစ်ယာဉ်တန်းမှာ နောက်ပြန် ဆုတ်ပြေးသွားကြောင်း၊ ထို့သို့ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြု သော MA1 ၁ လက် ၊ MA2 ၃ လက် ၊ MA3 ၂ လက် နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သံချပ်ကာကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ မီးခိုးတွေထွက်ပြီး နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဆိုတော့ စစ်ခွေး အသေ အပျောက် စာရင်းမသိရသေးဘူး။ သေနတ် ၆ လက် သိမ်းဆည်းရရှိတယ်။ လက်ရှိမှာ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု ကိုအောင်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ၁ ကြိမ် ၊ မွန်းလွဲ ၂ နာရီခန့်တွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အချိန်တွင် လည်း တိုက် လေယာဉ်က စက်သေနတ်များဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယနေ့ ည ၇ နာရီ အချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်ယာဉ်တန်းမှာ လည်း ရှေ့ဆက်တက်နိုင်ခြင်းမရှိဘဲ အထိနာလျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ကနဦး သတင်း ထုတ်ပြန် ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိသော အဖွဲအစည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှစ၍ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*