နပတမှာ Non CDM တွေကို အရံအင်အားအဖြစ်ထားရန်ဆောင်ရွက်နေ

◼️ထွက်ခွင့်ပြုမှာ မဟုတ်ဘဲ Non CDM တွေကို အရံအင်အားအဖြစ် အတင်းအကြပ် စစ်မှုထမ်းခိုင်းမှာ သေချာဟုဆို

၁၆ နိုဝင်ဘာ ||| နွေဦးအသံ |||

အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ အဓိကအုပ်ချုပ်ရေး ရုံးစိုက်ရာမြို့ဖြစ်ပြီး နေထိုင်ရာဖြစ်တဲ့ နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ Non CDM တွေဟာ နိုဝင်ဘာ ၁၅ ရက်မှာ တရက်အတွင်း နှုတ်ထွက်စာတင်ကြသူဦးရေ ထောင်နဲ့ချီပြီး ရှိနေတယ်လို့ သိရပါတယ်။

“အမျိုးသားဦးရေချည်းပဲ ၈၀၀၀ ဝန်းကျင်ရှိတယ်၊ ဒါ အမျိုးသမီးတွေ မပါသေးဘူး၊ မနေ့က တရက်အတွင်း သိရတဲ့ နှုတ်ထွက်စာအရေအတွက်ပါ၊ အသက် ၅၀ အောက်တွေ ပိုများတယ်” လို့ ဖရဲသီးရင်းမြစ်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီက ဌာနဆိုင်ရာ Non CDM တွေနဲ့ စစ်မှုထမ်းဟောင်းတွေကို အရံအင်အားဖြစ် တပ်ဖွဲ့ဖွဲ့ပြီး စစ်မှုထမ်းဖို့ နိုဝင်ဘာ ၁၅ ရက် ညွှန်ကြားချက်ကြောင့်လည်း နှုတ်ထွက်စာတင်တဲ့သူ နောက်ရက်တွေမှာ ပိုများလာနိုင်တယ်လို့လည်း ဖရဲသီးရင်းမြစ်က မှတ်ချက်ပြုပါတယ်။

“အခြေအနေမကောင်းတော့ဘူးဆိုတာ တော်တော်များများက သိနေကြပြီ၊ ဒါကြောင့် နှုတ်ထွက်စာတင်ကြတယ်၊ နေပြည်တော်ကို လာတိုက်တော့မယ် ဆိုပြီး သတင်းတွေက ပြန့်နေတယ်၊ ဒီကနေ ရှောင်ချင်ကြတယ်၊ အခု စစ်မှုထမ်းခိုင်းတော့ ပိုဆိုးတာပေါ့၊ ကျနော်တို့ ဌာနဆို ဟန်မပျက်ရုံပဲ၊ ရုံးတက်တဲ့သူက လက် ၁၀ ချောင်းမပြည့်တော့ဘူး”

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နှုတ်ထွက်စာတင်ကြတဲ့ Non CDM တွေကို အရေးယူနိုင်ခြေ ရှိ၊ မရှိ အတိအကျ တွက်ဆလို့မရနိုင်ပေမဲ့ ဒီလို များပြားတဲ့ အရေအတွက်နှုန်းကိုတော့ ထွက်ခွင့်ပြုမှာ မဟုတ်ဘဲ အရံအင်အားအဖြစ် စစ်မှုထမ်းဖို့ ကိစ္စကိုလည်း အတင်းအကြပ် စီမံသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*