ကရင်နီတပ်ပေါင်းစု ပစ်ချခဲ့သည့် တိုက်လေယာဉ်မှ လေယာဉ်မှူးကို ဖမ်းမိ

ကရင်နီတပ်ပေါင်းစု ပစ်ချခဲ့သည့် တိုက်လေယာဉ်မှ လေယာဉ်မှူးကို ဖမ်းမိ

နိုဝင်ဘာလ ၂၀ ရက်

ကယားပြည်နယ် (ကရင်နီ) ၏ ၁၁ ၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတပ်ပေါင်းစု ပစ်ချနိုင်ခဲ့သည့် စစ်တပ်တိုက်လေယာဉ်မှ လေယာဉ်မှူးတဦးအား နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းမိထားကြောင်း ကရင်နီစစ်ဘက် သတင်းအရင်းအမြစ်တဦးက ပြောသည်။

ဖမ်းမိသည့် တိုက်လေယာဉ်မှူးသည် ပထမ လေယာဉ်မှူးဖြစ်ကာ လက်ရှိတွင် လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၎င်းက “ကရင်နဲ့ ကရင်နီ နယ်စပ်တနေရာမှာ ဖမ်းမိတာပါ။ ဖရူဆိုကနေဆို အနောက်ဘက်အခြမ်းပေါ့” ဟု ပြောသည်။

ကရင်နီဒေသ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်တို့၌ နိုဝင်ဘာ ၁၁ ရက်ကစတင်ပြီး စစ်ဆင်ရေး ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် တုံ့ပြန်တိုက်ခိုက်စဉ် ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တိုက်လေယာဉ်တစင်းအား ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ချခံရသည့် တိုက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးသည် လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့ပြီး ထွက်ပြေးပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ခုန်ချခဲ့စဉ် ၎င်းတို့ ဝတ်ဆင်ခဲ့သည့် လေထီးနှင့်ဝတ်စုံများကိုလည်း ကရင်နီတပ်ပေါင်းစုက ယင်းနေ့ကတည်းက တွေ့ရှိကာ သိမ်းဆည်းနိုင်ခဲ့သည်။

ပစ်ချခံရသည့် တိုက်လေယာဉ် အပျက်အစီးအပိုင်းအစများကိုလည်း သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး၌ နိုဝင်ဘာ ၁၂ ရက်တွင် တွေ့ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်လေယာဉ်သည် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*