ကြားရတာနဲ့တင် ကျေနပ် နတ်ကိုင်တယ်ဆိုတာ ဒါမျိုးကိုပြောတာ

ရှေ့တန်းမထွက်ခင် နတ်ကနားပေး၍ ယတြာချေခဲ့သော မန္တလေးပျူစောထီးခေါင်းဆောင် ဘိုဟိန်း အပါအဝင် အဖွဲ့ဝင် ၇ ဦး မတ္တရာတိုက်ပွဲတွင် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော ပျူစောထီးခေါင်း‌ဆောင် ဘိုဟိန်းနှင့် တပည့် ၇ ဦးသည် မတ္တရာမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ မတ္တရာမြို့နယ်အရှေ့ဘက်တွင် PDF များနှင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ပျူစောထီးများ ပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် ဘိုဟိန်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ၊ ဘိုဟိန်းနှင့်အတူ ၎င်း၏ တပည့်နောက်လိုက် ပျူစောထီး ၇ ဦးပါ တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဘိုဟိန်းက ရဲပြုတ်တစ်ယောက်ပါ။ နိုဝင်ဘာလ ၁၆ ရက်နေ့က မတ္တရာအရှေ့ဘက်တိုက်ပွဲမှာ သူနဲ့ သူ့ တပည့် ၇ ယောက် သေသွားတယ်။ သူ့အလောင်းကို အဲဒီနေ့ကမကောက်နိုင်ဘဲ နောက်နေ့မှ စစ်ကောင်စီ ကလာကောက်ပါတယ်။ နန်းတွင်းထဲမှာ အခမ်းအနားနဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် ၂ခုပေးပြီး အသုဘချပါတယ်။ အဲဒီသတင်းကို စစ်တပ်က ဖုံးထားတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

မန္တလေးပျူစောထီးဘိုဟိန်းနှင့် ၎င်း၏ နောက်လိုက်ပျူစောထီးများသည် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် ရှေ့တန်းကျွံ့ဝင်သွားဖြင့် PDF များက ပတ်ပတ်လည် ပိတ်ဆို့ တိုက်ခိုက်ခံရကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဘိုဟိန်းခေါင်းဆောင်သော ပျူစောထီးအဖွဲ့ကို နန်းတွင်း ၂၁၂ တပ်ရင်းမှူးက ကြိုးကိုင်ခြယ်လှယ်ကြောင်း သိရှိရသည်။

ပျူစောထီး ဘိုဟိန်းသည် မန္တလေးမြို့တွင် ခိုးဆိုး ဓားပြတိုက်ခြင်းများကိုပါ လုပ်ဆောင်နေကြသူများ ဖြစ်ပြီး ဘိုဟိန်း၏ ပျူစောထီးအဖွဲ့တွင် ခိုးဆိုးလုယက်သူများနှင့် ဆေးသမားအပါအဝင် လူ ၅၀ ဝန်းကျင်ခန့်ရှိကြောင်း၊ စစ်တပ်က ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးစဉ်က ဘိုဟိန်းက အိမ်မဖျက်ရအောင် လုပ်ပေးမည်ဟုဆိုပြီး ငွေကျပ် သိန်းထောင်ချီ လိမ်လည်ခဲ့ဖူးကြောင်း သိရှိရသည်။

“သူ (ဘိုဟိန်း) နေတာက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်တစ်ရပ်ကွက် အောင်ဆန်းလမ်းနဲ့ သံလမ်း။ထောင်မှာ အရင်က လူမိုက်တွေ လေးငါးဆယ်နဲ့ တုတ်ဓားလက်နက်အပြည့်အစုံနေပါတယ် ။ သံလမ်းကျူးတွေ ရှင်းတုန်းကလည်း သူနဲ့ မြို့သစ်(၁)အုပ်ကြီး ဦးမျိုးတင့်အဖွဲ့ နဲ့ ပေါင်းပြီး ၁၄ အိမ်ကို မဖျက်စေရဘူး သိန်း ထောင့်နှစ်ရာတောင်းပါတယ်။ ပိုက်ဆံလည်းရရော မကြာပါဘူး ငွေပေးထားတဲ့အိမ်တွေလည်း အကုန်ဖျက်ခံရတာပါပဲ။ ပြည်သူတွေက ပိုက်ဆံလည်းဆုံး အိမ်လည်းအဖျက်ခံရတာပါ” ဟု ဒေသပြည်သူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဘိုဟိန်းနှင့် ၎င်း၏ နောက်လိုက် ပျူစောထီးများသည် ရှေ့တန်းမထွက်ခင် နေအိမ်တွင် နတ်ကနားပွဲပေး ယတြာချေပြီးမှ ရှေ့တန်းသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘိုဟိန်း သေဆုံးသွားချိန်တွင် ဘိုဟိန်း၏ တပည့်ဖြစ်သူ ပျူစောထီး တိုးကြီးနှင့် ပလောင်တို့က သူ့နေရာတွင် ဝင်ယူ၍ မန္တလေးမြို့တွင် မိုက်ကြေးခွဲခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဘိုဟိန်းရှိစဉ် မိုက်ကြေးခွဲသည့် ရသည့် ပိုက်ဆံများဖြင့် နန်းတွင်း ၂၁၂ တပ်ရင်းမှူးကို သိန်း ၁၅၀၀ တန် ကားဝယ်ပေးထားခဲ့ကြောင်း သိရှိရသည်။

“ မတ္တရာက PDF အဖွဲ့တွေကိုလည်း သူ့တို့စနိုက်ပါနဲ့ပစ်လို့ သေသွားတဲ့ခွေးက မန္တလေးမြို့ရဲ့ ပျူခေါင်းဆောင်ဆိုတာလည်း သိစေချင်ပါတယ်” ဟု သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ- မန္တလေးပျူစောထီးခေါင်းဆောင် ဘိုဟိန်း၏ နာရေး ပြင်ဆင်ထားမှု

Be the first to comment

Leave a Reply

Your email address will not be published.


*