ကလမနိုင် ရခိုင်မဲနေပြီ ဒို့ပြည်သူတွေဘေးကင်းပါစေ

မုံရွာမှာ ပျူအသတ်ခံရပြီးနောက် စစ်အုပ်စုက အနီးကရွာကို ပစ်ခတ်စီးနင်းကာ ပြည်သူ(၁၉)ဦးကို ဖမ်းဆီး၊ အိမ်မီးရှို့

တစ်အိမ်ထဲ သားအမိလေးယောက် အပါအဝင် ဖမ်းဆီးခံရသူ အများစုဟာ အမျိုးသမီးတွေဖြစ်

နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စစ်အုပ်စုရဲ့ ကျောက်စစ်ပုံ အမြောက်တပ်အနီးမှာ ရှိတဲ့ မင်္ဂလာကုန်းကျေးရွာကို မနေ့ကညနေပိုင်း စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်စီးနင်းကာ အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသလို ဒေသခံပြည်သူ(၁၉)ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ(၂၉)ရက် မနေ့က မုံရွာမြို့ပတ်လမ်း၊ ကျောက်စစ်ပုံအမြောက်တပ်အနီး၊ ကြက်မွေးမြူရေးဇုန်နဲ့ မင်္ဂလာကုန်း ကျေးရွာကြားမှာ စစ်အုပ်စု သတင်းပေး၊ ပျူတစ်ယောက် အသတ်ခံရပြီးနောက် စစ်အုပ်စုက မင်္ဂလာကုန်းရွာကို အင်အား(၃၀)၀န်းကျင်နဲ့ အကြမ်းဖက် ပစ်ခတ်စီးနင်း သောင်းကျန်းတာလို့ ဆိုပါတယ်။

“ရွာနားမှာ သူတို့ သူလျှို (ဒလန်) အလောင်း တွေ့လို့ ၀င်တာတဲ့။ (ရွာခံပြည်သူ) (၁၉)ယောက် ဖမ်းသွားတယ်။ သေနတ်တွေ ဆက်တိုက်ပစ်တာ။ ညနေ(၄)နာရီခွဲလောက်ကနေ (၆)ခွဲလောက်အထိ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုက ရွာကို အကြမ်းဖက် စီးနင်းပြီး ဖမ်းဆီးသွားသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်ပြီး မိသားစု တစ်စုတည်းက သားအမိ လေးယောက် ဖမ်းဆီးခံလိုက်ရတာ ရှိတယ်လို့လည်း ဆိုပါတယ်။

မင်္ဂလာကုန်း ကျေးရွာကို စီးနင်းသောင်းကျန်းတဲ့ စစ်အုပ်စုဟာ ရွာအပြင်ဘက်မှာ ရှိတဲ့ ရိတ်သိမ်းထားတဲ့ နှမ်း ပုံတွေကိုလည်း မီးရှို့ဖျက်စီးခဲ့ပြီး အဲ့ဒီ မီးကြောင့် နှမ်းပုံတွေသာမက နေအိမ်တစ်လုံးပါ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဖမ်းခံရတဲ့ လူတွေက ဘာလို့ ဖမ်းသွားတယ်တော့ မသိရဘူး။ မိသားစု လေးယောက်လုံး ဖမ်းခံရတာလည်း ရှိတယ်။ နှမ်းပုံတွေ မီးရှို့တာကနေ အိမ်တစ်လုံးလည်း ပါသွားတယ်”လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စု ဖမ်းဆီးသွားတဲ့ မင်္ဂလာကုန်းကျေးရွာက ဒေသခံပြည်သူတွေကို ဘယ်ခေါ်သွားတယ်ဆိုတာ ဒီကနေ့ နို၀င်ဘာ(၃၀)ရက်အထိ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ပေါ် အပါအဝင် မုံရွာနယ်ထဲ လက်နက်အားကိုးနဲ့ အကြမ်းဖက် သောင်းကျန်းနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ သတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*