အဲဒီလို ဓလေ့ထုံးစံရှိတဲ့ လူ့အဖွဲ့အစည်း ကမ္ဘာပေါ်မှာ တကယ်ရှိနိုင်သလား၊ တကယ်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ မိုင်တစ်ရာကျော်သာဝေးတဲ့နေရာမှာပါ။ သူတို့က တိဗက် ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး Sino-Tibetan ဘာသာစကား မိသားစုဝင် Lolo-Burmese ဘာသာစကားအုပ်စုထဲက “န” ဘာသာစကားကိုပြောဆိုကြတဲ့ မိုဆိုးလူမျိုးစုပါ။
မိုဆိုး လူမျိုးစုဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ စစ်ချွမ်းပြည်နယ် နယ်စပ် ယုန်းနင်ဒေသ၊ လုကူ ရေအိုင် အနီးတဝိုက်က လဘိုင်၊ မုလီနဲ့ ယန်ယွမ်တို့မှာနေထိုင်ကြပါတယ်။ အဲဒီဒေသဟာ မြန်မာနိုင်ငံမြောက်ဖျား တရုတ်နိုင်ငံနဲ့ နယ်စပ်ကနေ အရှေ့ဘက်ကိုအဖြောင့်တိုင်းရင် မိုင် (၁၃၀) ကျော်သာဝေးပါတယ်။
သူတို့ဟာ နာရှီး လူမျိုးတွေနဲ့ ယဉ်ကျေးမှုအားဖြင့် မတူကြပေမယ့် တရုတ်အစိုးရက မိုဆိုး လူမျိုးကို နာရှီး မျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားပါတယ်။ နာရှီးလူမျိုးက လူဦးရေ (၃၂၀,၀၀၀) လောက်ရှိပြီး မိုဆိုးလူမျိုးက လူဦးရေ (၄၀၀၀၀)ခန့်ရှိပါတယ်။
မိုဆိုးလူမျိုးတွေကို တရုတ်နိုင်ငံက “မိခင်မျိုးရိုးလိုက်တဲ့ နောက်ဆုံးလူ့အဖွဲ့အစည်း” လို့သတ်မှတ်ကြပါ တယ်။ မိုဆိုးတွေကိုယ်တိုင်ကလည်း မိခင်မျိုးရိုးလိုက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံလို့လက်ခံအသိအမှတ်ပြုကြပြီး ဒီအချက်ကြောင့် စိတ်ဝင်စားမှုတိုးလာကာ ခရီးသွားတွေကို ဆွဲဆောင်ပါတယ်။ သူတို့ဟာ မိခင်ကကြီးစိုးတဲ့ ယဉ် ကျေးမှုဓလေ့ထုံးစံကိုလည်းကျင့်သုံးပါတယ်။ ဒါကြောင့် မိသားစုတစ်စုမှာ မိခင်နဲ့ သားတွေသမီးတွေ၊ မြေးတွေ ညီအစ်ကိုမောင်နှမနဲ့ တူ-တူမတွေသာရှိပြီး ဖခင်နဲ့ ဇနီးမယားမရှိသလို၊ လင်ယောက်ျားဆိုတာလည်းမရှိပါ။ ဒါကြောင့် အိမ်ထောင်ရဲ့ စီးပွားရေး လူမှုရေးဆိုင်ရာကိစ္စအဝဝကို မိခင်တွေကသာဆုံးဖြတ်ကြပါတယ်။ သားသမီးတွေရဲ့ အမည်နောက်မှာ သူတို့ အမေရဲ့ အမည်ကိုထည့်ပါတယ်။ ဒီလိုနည်းနဲ့ ဘယ်အိမ်ထောင်စုဝင်ဖြစ်တယ်ဆိုတာ သိရှိကြပါတယ်။
မိုဆိုးလူမျိုးတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြပါတယ်။ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွား နဲ့ ယပ်က် Yak လို့ခေါ်တဲ့ တိဗက်အမွေးရှည်နွားတွေလည်းမွေးမြူကြပါတယ်။ မိုဆိုးတွေအနေနဲ့ ကိုယ့်ဘာသာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပြီး နေ့စဉ်လိုအပ်ချက်တွေကို လုံလောက်အောင် ဖြေရှင်းနိုင်ကြပါတယ်။ အစားအစာ တွေကို တာရှည်ခံဖို့ အချဉ်တည်တာ၊ နေလှမ်းတာနဲ့ ကြပ်တိုက်တာ လုပ်လေ့ရှိပါတယ်။ မိုဆိုးတွေလုပ်တဲ့ ဝက်ပေါင်ခြောက်က နာမည်ကြီးပါတယ်။ တချို့ဝက်ပေါင်ခြောက်တွေက (၁၀)နှစ်နဲ့ အထက်သက်တမ်းရှိကြပါ တယ်။
ဒေသထွက် သီးနှံတွေနဲ့လုပ်တဲ့ ဆူလီမာ လို့ခေါ်တဲ့ ခေါင်ရည်တစ်မျိုးကို သောက်လေ့ရှိပါတယ်။ မူးယစ်ရီဝေ စေတဲ့ဆူလီမာကို ပုံမှန်အားဖြင့် ဧည့်သည်ဧည့်ခံတာနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ သောက်သုံးကြပါတယ်။ အခြေခံအား ဖြင့် ကုန်ပစ္စည်းချင်းဖလှယ်တဲ့ စီးပွားရေးစနစ်ကိုကျင့်သုံးကြပေမယ့် ပြင်ပလောကနဲ့ ထိတွေ့ဆက်ဆံတာများ လာတဲ့အတွက် ယခုအချိန်မှာတော့ ငွေကြေးကိုအခြေခံတဲ့ ကုန်သွယ်ရေးစနစ်က တဖြည်းဖြည်းနေရာယူလာပါတယ်။
မိုဆိုးတို့ဟာ အိမ်ဆောက်တဲ့အခါ အလယ်မှာ ကွက်လပ်ထားပြီး လေးဘက်လေးတန်က အဆောက်အဉီး ဆောက်ပါတယ်။ မြေညီထပ်မှာ ကျွဲ၊ နွား၊ မြင်း၊ ကြက်၊ ဘဲ၊ ဝက်၊ ငန်း စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေထားပါတယ်။ ချက်ပြုတ်တာ၊ စားသောက်တာနဲ့ ဧည့်သယ်ကို ဧည့်ခံတာကို အောက်ထပ်ကိုပဲအသုံးပြုပြီး အပေါ်ထပ်မှာတော့ ပစ္စည်းသိုလှောင်တာနဲ့ အိပ်ခန်းတွေအဖြစ်သုံးကြပါတယ်။
အမျိုးသမီးတွေရဲ့ ကဏ္ဍ
မိုဆိုး မိန်းကလေးက အရွယ်ရောက်လာတဲ့အခါ ဘဝတစ်လျှောက် ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ သင်ယူရပါတယ်။ မိုဆိုးအမျိုးသမီးတွေက အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ရေး၊ ထင်းခွေ ရေခတ်၊ ဗိုင်းငင်၊ အထည်ယက်စတဲ့ အိမ်အလုပ်တွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်တဲ့အလုပ်ကိုပါ လုပ်ကိုင်ရပါတယ်။ အတိတ်ကာလက ပြင်ပနဲ့ကူးလူးဆက်သွယ်မှုနည်းပါးခဲ့တော့ အိမ်ရဲ့ လိုအပ်တဲ့ ပစ္စည်းကရိယာမှန်သမျှ အမျိုးသမီးတွေကပဲ ထုတ်လုပ်ရပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ မိုဆိုး အမျိုးသမီးတွေဆိုရင် ယက်ကန်းစင်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ ဘယ်လိုအဝတ်အထည်ဖြစ်အောင် လုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
အမျိုးသားတွေရဲ့ ကဏ္ဍ
မိုဆိုး အမျိုးသားတွေအတွက် သူတို့လူ့အဖွဲ့အစည်းမှာ အလုပ်သိပ်လုပ်စရာမရှိပါဘူး။ တစ်နေလုံးအနားယူ ပြီး ညအချိန်လည်ပတ်ဖို့အတွက် အားမွေးရပါတယ်။ ဒါပေမယ့် ဘာတာဝန်မှ မရှိတာတော့မဟုတ်ပါ။ မိသားစု အတွင်းမှာ သူ့အမေကမွေးလာတဲ့ ညီတွေ ညီမတွေနဲ့ တူတွေ၊ တူမတွေစတဲ့ မိသားစုအတွင်းက ကလေးတွေကို ကူညီစောင့်ရှောက်ရပါတယ်။ အိမ်ဆောက်တာ၊ အမဲလိုက်တာ၊ ငါးမျှားတာ စတာတွေကို အမျိုးသားတွေက လုပ် ကြပါတယ်။ ဒီအလုပ်တွေကို သူတို့ရဲ့အစ်ကိုတွေနဲ့ ဦးလေးတွေဆီက သင်ယူကြရပါတယ်။ အမျိုးသားတွေက မိသားစုစားဖို့လိုတဲ့အခါ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်တဲ့အလုပ်ကိုလည်းလုပ်ကြရပါတယ်။ ဒီအလုပ်မျိုး မှာ အမျိုးသမီးတွေက ပါဝင်လေ့မရှိပါ။
မိခင်မျိုးရိုးယူခြင်း
�မိုဆိုးမိသားစုတွေဟာ မိခင်ရဲ့ မျိုးရိုးနောက်ကိုပဲလိုက်ပါတယ်။ အမည်မှည့်တဲ့အခါ မိမိအမည်နောက်ဆုံး မှာ အမိအမည်ကိုထည့်ရပါတယ်။ အမှန်စင်စစ် မိသားစုဝင် ညီအစ်ကို မောင်နှမတွေ၊ တူ၊ တူမတွေမှာ ဘယ်သူဘယ်ဝါဟာ ဖခင်ဖြစ်တယ်ဆိုတာ အသေအချာမသိကြပါဘူး။ ဒီလိုမသိလို့လည်း ( လင်ကောင်မပေါ်ဘဲ မွေးလာတဲ့ ကလေးဆိုတဲ့ နာမည်ပျက်မှုမျိုး ) သူတို့လူ့အသိုင်းအဝိုင်းမှာ မရှိပါ။ ပုံမှန် အခြေအနေသာဖြစ်ပါတယ်။ ကလေးတွေဟာ မိခင်ရဲ့ မိသားစုက ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ စိုက်ပျိုး မြေစတာတွေကို နေထိုင်အသုံးပြုခွင့်ရှိပါတယ်။��မိခင်ကြီးစိုးခြင်း
�မိသားစုတစ်စုမှာ အမေကြီးက အိမ်ထောင်ဦးစီးပါ။ အမေကြီးမှာ အာဏာအပြည့်ရှိပါတယ်။ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို အမေကြီးက ဆုံးဖြတ်ပါတယ်။ မိသားစုအတွင်းက အိမ်အလုပ်တွေ၊ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမျိုးသမီးတွေကပဲ ချမှတ်ပါတယ်။ မိသားစုဝင်တိုင်းရဲ့ ငွေရေး ကြေးရေးနဲ့ အလုပ်တွေကို အမျိုးသမီးတွေက စီမံပါတယ်။ တကယ်လို့ အိမ်ထောင်ဦးစီး အမေကြီးက သူ့တာဝန်တွေကို လွှဲအပ်ချင်တဲ့အခါ သူအမြဲကိုင်ထားလေ့ရှိတဲ့ ပစ္စည်းသိုလှောင်ရာ အခန်းသော့တွေကို သူလွှဲချင်တဲ့ သမီးတစ်ယောက်ယောက်ကို ပေးအပ်လိုက်ရုံပါဘဲ။ အိမ်ခြံမြေ၊ အခြေပစ္စည်းပိုင်ဆိုင်မှုနဲ့ တာဝန်ရှိမှုအဝဝ လွှဲပြောင်းပေးအပ်လိုက်ပြီဆိုတဲ့ သင်္ကေတပါ။ ��
လမ်းလျှောက် လက်ထပ်ခြင်း (走婚 zǒu hūn in Chinese)
�မိုဆိုး မိန်းကလေးတစ်ယောက် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်းရောက်လာပြီး ပထမဆုံးရာသီသွေးလာ တဲ့အချိန်မှာ အပျိုဖော်ဝင်တဲ့အထိမ်းအမှတ်ပွဲလုပ်ပါတယ်။ ဒါကသူတို့ရဲ့ဘဝမှာအရေးအကြီးဆုံးအချိန်ပါဘဲ။ “စကတ်” ပွဲလို့ခေါ်ဆိုကြတဲ့ အပျိုဖော်ဝင်ပွဲနောက်ပိုင်းမှာ အမျိုးသမီးလေးတွေဟာ စကတ်ကိုစတင်ဝတ်ဆင်ရပြီး သူတို့ကိုယ်ပိုင် အိပ်ခန်းတစ်ခန်းရရှိပါတယ်။ အဲဒီအိပ်ခန်းထဲကို သူတို့နှစ်သက်တဲ့ ယောကျာ်းကလေးကို ဖိတ်ခေါပြီးအတူအိပ်စက်ဖို့ အခွင့်အရေးရှိပါတယ်။ ဖိတ်ခေါ်ခံရတဲ့ ယောက်ကျားကလေးဟာ မှောင်တာနဲ့ အဲဒီ အခန်းကိုသွား၊ တစ်ညလုံး အဲဒီအမျိုးသမီးနဲ့အတူအိပ်စက်ပြီး မနက်လင်းတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရပါတယ်။ မိန်းကလေးရဲ့ အမေ၊ အဖွားနဲ့ မိသားစုဝင်ယောက်ကျားများက မမြင်မကြားချင်ယောင်ဆောင်နေရပါတယ်။ အမျိုးသမီးအနေနဲ့ မိမိကြိုက်နှစ်သက်သလောက် ယောကျာ်းကလေးတွေကို ဖိတ်ခေါ်ခွင့်ရှိပါတယ်။ တစ်ချိန်ထဲ ယောကျာ်းကလေး အများအပြားကို ခေါ်အိပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဓလေ့ထုံးစံကို အားလုံးကလက်ခံအသိအမှတ် ပြုထားတာဖြစ်ပေမဲ့ လက်တွေ့မှာ သိုသိုသိပ်သိပ် လိုက်နာလုပ်ဆောင်ကြတာပါ။
��အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းအများအပြားကို တစ်ချိန်ထဲဖြစ်စေ၊ တစ်ရက်တစ်ယောက်ဖြစ်စေ ဖိတ်ခေါ်အိပ်စက်ခွင့်ရှိတယ်ဆိုပေမယ့် မိုဆိုးအမျိုးသမီးတော်တော်များကတော့ တစ်ချိန်မှာ တစ်ယောက်ထဲကိုပဲ ဖိတ်ခေါ် ပြီး အဲဒီတစ်ယောက်နဲ့နှစ်ပေါင်းများစွာအတူ အိပ်စက်ကြတာမျိုးများပါတယ်။ တကယ်လို့ သူတို့ဟာ ဘဝတစ်သက်တာ ပါတနာတွေအဖြစ် ဆုံးဖြတ်ခဲ့ကြရင်လည်း ဘယ်တော့မှ လက်ထပ်ထိမ်းမြားမှာမဟုတ်သလို၊ တစ်အိမ်ထဲအတူနေတာနဲ့ အတူတကွ ဥစ္စာပစ္စည်းပိုင်ဆိုင်တာကိုတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ဒါ့ပြင် မွေးဖွားလာတဲ့ ကလေးအပေါ်လည်း ဖခင်ဖြစ်တဲ့သူက တာဝန်မရှိသလို၊ ကလေးကလည်း သူ့အဖေ ဘယ်သူ ဆိုတာမသိပါဘူး။ မိုဆိုးယောကျာ်းကလေးတစ်ယေက်အနေနဲ့လည်း ဒီနေ့မှာ မိန်းကလေးတစ်ယောက်ရဲ့ အခန်း ကို သွားအိပ်ပြီး နောက်တစ်နေ့မှာ အခြားမိန်းကလေးတစ်ယောက်ရဲ့အခန်းကို သွားအိပ်တာမျိုးလည်းဖြစ် နိုင်ပါ တယ်။
သူ့ကို ဖိတ်ခေါ်တဲ့ မိန်းကလေးတိုင်းရဲ့အိမ်ကို အလှည့်ကျသွားအိပ်နိုင်ပါတယ်။��တကယ်လို့ မိန်းကလေးအနေနဲ့ ဒီလိုလမ်းလျှောက်လက်ထပ်ခြင်းကို ရပ်စဲလိုတယ်ဆိုရင်၊ ယောကျာ်း လေးကို သူမရဲ့အိပ်ခန်းကို အလည်မလာတော့ဖို့ တိုက်ရိုက်ပြောနိုင်ပါတယ်။ ယောကျာ်းလေးဘက်က အဆုံးသတ်ချင်တယ်ဆိုရင်လည်း မိန်းခလေးကို မလာတော့ဘူးလို့ အကြောင်းကြားလိုက်ပြီး သူမထံကို ရက်ရှည် မသွားဘဲနေလိုက်ခြင်းအားဖြင့် အဆုံးသတ်နိုင်ပါတယ်။ မိမိရဲ့ပါတနာက တခြားတစ်ယောက်ယောက်နဲ့ အိပ်နေတာ ကိုသိရှိခဲ့ရင်လည်း၊ သူ့ဆီကို မီးသွေး၊ ငရုတ်ကောင်းနဲ့ ကြက်မွေးတွေကို အထုတ်ထဲထည့်ပေးပို့ပြီး သတိပေးတာ၊ ဒါမှမဟုတ် ဆက်ဆံရေးဖြတ်တောက်တော့မယ့်အကြောင်း တိုက်ရိုက်ပြောနိုင်ပါတယ်။��မိုဆိုးလူမျိုးတို့ရဲ့ ဒီဓလေ့ထုံးစံနဲ့ပတ်သက်ပြီး မိုဆိုးမိန်းမတွေကို အလေလိုက်သူ၊ ပြည့်တန်ဆာစသဖြင့် မှားယွင်းစွပ်စွဲကြသလို ယောက်ကျားကလေးတွေကိုလည်း ဘာအလုပ်မှမလုပ်တဲ့ မျိုးစပ်ဝက်သိုးကြီးတွေလို အမနာပ တံဆိပ်ကပ်ကြတာလည်းရှိပါတယ်။
နှစ်သက်သဘောကျသူတွေကလည်း ဒီဓလေ့ကို လွတ်လပ်တဲ့ အချစ် Free love ဒါမှမဟုတ် လိင်ကိစ္စလွတ်လပ်သူများလို့ ထောမနာပြုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဓလေ့ ကြောင့် အများရဲ့စိတ်ဝင်စားမှုခံရပြီး အဲဒီဒေသကို ခရီးသွားတွေအများအပြားလာလည်ကြတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ��လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တရုတ်အမျိုးသမီးတစ်ယောက်ဟာ ယူနန်ပြည်နယ်က မိုဆိုးလူမျိုး ဒေသကို အလည်အပတ်သွားရင်း မိုဆိုးယောကျာ်းလေးတွေနဲ့ အပျော်တန်းလိင်ဆက်ဆံခဲ့တဲ့ လမ်းလျှောက် လက် ထပ်ခြင်းအတွေ့အကြုံဆိုတဲ့ ခရီးသွားဗဟုသုတ “ဒိုင်ယာရီ လေးအုပ်” ဆိုတာကို ရေးခဲ့ရာမှာ ငြင်းကြခုန်ကြ နဲ့ ဆူညံပွက်လောရိုက်သွားခဲ့ဖူးပါတယ်။��ကြည့်ရှုသူသန်းပေါင်းများစွာရဲ့ တုန့်ပြန်မှုရခဲ့တဲ့ သူမရဲ့ ဘလော့ဂ်ပို့စ်ကို တရုတ်အွန်လိုင်းသုံးစွဲသူတွေက ဝေဖန်ကြရာမှာ သူမလို ခေတ်မီလူ့အဖွဲ့အစည်းမှာနေထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိုဆိုးတိုင်းရင်း သားတွေရဲ့ ရှေးရိုးစဥ်လာယုံယုံကြည်ကြည် ထိန်းသိမ်းလာတဲ့ ဓလေ့ထုံးစံဖြစ်တဲ့ “လမ်းလျှောက် လက်ထပ်ထိမ်း မြားခြင်း” ဆိုတာမှာ ပါဝင်ဖို့ အရည်အသွေးမပြည့်ပါ (မထိုက်တန်ပါ) လို့မှတ်ချက်ပေးကြပါတယ်။
��ဘာပဲဖြစ်ဖြစ် အွန်လိုင်းမှာဝေဖန်သူတစ်ချို့ကတော့ မိုဆိုးတို့ရဲ့ လမ်းလျှောက်လက်ထပ်ထိမ်းမြားတဲ့ ဓလေ့ကို ယနေ့ခေတ်မီလူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးသင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်လူငယ်တွေအနေနဲ့ မင်္ဂလာပွဲကျင်းပဖို့၊ ခန်းဝင်ကြေးပေးဖို့၊ တင်တောင်းငွေပေးဖို့၊ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ စတဲ့ စိတ်ပူပန်ရတဲ့ စီးပွားရေးဖိအားတွေမရှိဘဲ လွတ်လွတ်လပ်လပ်ချစ်နိုင်ကြလို့ ဖြစ်တယ်၊ ဒါ့ပြင်ယောကျာ်းလေးတွေ အနေနဲ့ ကလေးတွေကို အဖွားအုပ်ချုပ်တဲ့ မိန်းမအိမ်ဘက်မှာနေစေခြင်းအားဖြင့် ယောကျာ်းတွေ အတွက် ကလေးကိုထိန်းသိမ်းရတဲ့တာဝန်ဝတ္တရားတွေက လွတ်လပ်မှုရစေတယ်လို့ မှတ်ချက်ပေးကြတာလည်းရှိပါတယ်။��မိုဆိုးတို့အနေနဲ့ မိန်းမတွေက မိသားစုကိစ္စမှာ အလုံးစုံ အာဏာရှိတယ်။ မိန်းမတွေက လိင်ဆက်ဆံရေးမှာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုး မစဉ်းစားကြပါ။
တင်းကြပ်တဲ့ ဆက်ဆံရေး စည်းဘောင်တွေရှိတဲ့ အိမ် ထောင်ပြုမှုထက် မိသားစုနဲ့ လူ့အဖွဲ့အစည်း ညီညီညွတ်ညွတ်နဲ့ ပဋိပက္ခလျော့နည်းရေးကိုသာ အာရုံစိုက်ကြပါ တယ်။ ဒီစနစ်မှာ မိန်းမရော၊ ယောက်ကျားတွေပါ မိသားစုဟာ အဓိက ဦးစားပေးနေရာမှာရှိပြီး မိန်းမရော ယောကျာ်းပါ နှစ်ဖက်လုံးက သူတို့မိခင်ရဲ့ မိသားစုနဲ့သာ တစ်သက်လုံးနေထိုင်သွားကြရတာဖြစ်ပါတယ်။ ဒါကြောင့် မိုဆိုးလူမျိုးတွေဟာ သူတို့သားသမီးတွေ ကျား-မ ဖြစ်မှုအပေါ် သိပ်ဂရုမစိုက်ကြပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရဲ့ သားသမီးတွေက ကျားဖြစ်စေ၊ မဖြစ်စေ သက်ဆိုင်ရာမိသားစုဝင် အကြီးတွေက ဂရုစိုက်သွား ကြမှာဖြစ်လို့ပါဘဲ။ တကယ်လို့ မိသားစုထဲမှာ ကျား-မ ပါဝင်မှုမမျှမတဖြစ်နေရင်တော့ လိုအပ်နေတဲ့ ကျား ဒါမှ မဟုတ် မ ကိုမွေးစားတာ၊ ဒါမှမဟုတ် အပြန်အလှန်ဖလှယ်တာလုပ်ခြင်းအားဖြင့် ကျား-မ ပါဝင်မှုကို မျှတအောင် ထိန်းညှိတတ်ကြပါတယ်။
��မိုဆိုးလူ့အဖွဲ့အစည်းကို တရုတ်ပြည်ရဲ့ တခြားဒေသတွေနဲ့ အနောက်တိုင်းကမ္ဘာက သိရှိလာတဲ့အခါ နောက် မျိုးဆက်လူငယ်တွေက၊ မူလဓလေ့ထုံးစံကိုစွန့်လွှတ်ပြီး တရုတ်လူမျိုးတွေရဲ့ လက်ထပ်ထိမ်းမြားတဲ့ ဓလေ့တွေကို အတုခိုးလာကြပါတယ်။ ��“မိုဆိုးလူမျိုးတွေဟာ ၁၉၆၀ ခုနှစ်များကတည်းက အစိုးရက ဦးဆောင်ဆော်သြခဲ့တဲ့ တည်ငြိမ်တဲ့ ပုံမှန် လက်ထပ်ခြင်းမျိုးကို လိုက်နာခဲ့ကြပါတယ်။ ဒါကြောင့် လမ်းလျှောက် လက်ထပ်တဲ့ ဓလေ့က တဖြည်းဖြည်းနဲ့ တော့ နည်းပါးလာပါပြီ” လို့ မိုဆိုးလူမျိုး ခရီးသွားလမ်းညွှန်တစ်ယောက်ကပြောပါတယ်။
��တရုတ်တိုင်းရင်းသားတက္ကသိုလ်က ရိုးရာယဉ်ကျေးမှု သုတေသနစင်တာက ပါမောက္ခ ထောက်လီ Tao Li က လူသားမျိုးနွယ်တွေအနေနဲ့ နောက်ဆုံးမှာ တစ်ခုလုံးလွှမ်းခြုံတဲ့ တရားဝင်စနစ်တစ်ခုအဖြစ် တစ်လင်တစ်မယား စနစ်ကို ရွေးချယ်ပြီးဖြစ်တယ်။ မိသားစုတွေရဲ့တည်ငြိမ်မှု၊ မျိုးနွယ်စု၊ လူ့အဖွဲ့အစည်းနဲ့ လူမှုရေးဖြစ်ပေါ်တိုးတက် မှုတွေကို တစ်လင်တစ်မယားလက်ထပ်ထိမ်းမြားခြင်းစနစ်ကသာ အာမခံချက်ရှိစေပါတယ်လို့ဆိုပါတယ်။ တစ်လင်တစ်မယား လက်ထပ်ထိမ်းမြားခြင်းစနစ် ကျယ်ပြန့်လာတာနဲ့အမျှ လမ်းလျှောက်လက်ထပ် ထိမ်းမြားခြင်းဆိုတဲ့ မိုဆိုး မျိုးနွယ် စုတွေရဲ့ ဓလေ့ဟာ တဖြည်းဖြည်းခြင်း မှေးမှိန်ကွယ်ပျောက်စပြုလာနေပါပြီ။
Credit