ဒီခလေးနှစ်ယောက်ကိုတွေ့ရင်ဆုချရမယ်😄😄😄

ဖောင်ကြီး အမှတ်(၁) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းတက်နေသည့် တပ်သားသစ်နှစ်ဦးက သေနတ် လေးလက်ယူဆောင်ထွက်ပြေး

မတ်လ ၁၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) တွင် စစ်သင်တန်း တက်‌ရောက်နေသည့် တပ်သားသစ်နှစ်ဦးသည် ပြီးခဲ့သည့် မတ်လ ပထမပတ်က သေနတ်များကို ယူဆောင်၍ ထွက်ပြေးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ စစ်သင်တန်းတက်ရာက်နေသည့် တပ်သားသစ်နှစ်ဦးသည် သေနတ်လေးလက်ကို ယူဆောင်ထွက်ပြေးကြခြင်းဖြစ်ပြီး ယနေ့အချိန်အထိ စစ်ကောင်စီတပ်မှ ပြန်လည် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။လက်ရှိ ဖောင်ကြီး အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းတက်ရောက်နေသူ လူငယ် တပ်သားသစ် ၁,၀၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

”သေနတ်တွေယူပြီးထွက်ပြေးသွားကတည်းက တပ်ထဲမှာပွဲပျက်နေကြတာ။ အခုကြတော့လက်ရှိတက်နေတဲ့တပ်သားသစ်တွေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။ အခုလိုမျိုးနောက်လူတွေ ဒါမျိုးတွေ ထပ်လုပ်လို့မိရင် မလွယ်ဘူးလို့ကြိမ်းနေတယ်။ သေနတ်တွေပါသွားတော့ပိုဆိုးတာပေါ့။ အခု တာဝန်ရှိတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်”ဟု ဖောင်ကြီး စစ်သင်တန်းနှင့်နီးစပ်သည့် တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

စစ်သင်တန်းတက်ရောက်နေသူများအတွက် တပ်ခွဲလေးခွဲထားရှိ၍ တပ်ခွဲတစ်ခွဲလျှင် သင်တန်းသား ၂၅၀ ဖြင့်ဖွဲ့စည်းထားကာ တပ်ခွဲတစ်ခွဲကို သင်တန်းနည်းပြ ငါးယောက်ဖြင့် စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။”သင်တန်းနည်းပြက နည်းတယ်။ လုံခြုံရေးအတွက်လည်း ထည့်တွက်နေရတော့ သင်တန်းကို ခွဲခွဲပေးနေကြရတာ” ဟု ဖောင်ကြီး စစ်သင်တန်းနှင့်နီးစပ်သည့် တပ်ကြပ်ကြီးက ဆက်လက်ပြောသည်။လက်ရှိတွင် တပ်သားသစ်နှစ်ဦး သေနတ်များယူဆောင်ထွက်ပြေးမှုကြောင့် ဖောင်ကြီး အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ တာဝန်ရှိသူများကို စစ်ကောင်စီတပ်က စစ်ဆေးအရေးယူမည့်အဖွဲ့ ဖွဲ့၍စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ထို့နောက် အကြောင်းအမျိုးမျိုးဖြင့် စုဆောင်းခံထားရသည့် လူငယ် ၁၄၀ ကျော်ကို မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေပြီး လူငယ်အချို့ကို မိဘဖြစ်သူများက ငွေကျပ် သိန်းရာဂဏန်းမှ ထောင်ဂဏန်းထိပေး၍ ရွေးယူခဲ့ရကြောင်း မတ်လ ၁၃ ရက်နေ့တွင် ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် နီးစပ်သူကတစ်ဦးက ပြောကြားခဲ့သည်။ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် အများစုသည် ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြသလို လူငယ်အချို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများလည်း စိုးရိမ်စိတ်များ မြင့်တက်လျက် ရှိနေကြောင်းစုံစမ်းသိရှိရသည်။ပုံစာ-အမှတ်(၇)အခြေခံလေ့ကျင့်ရေးတပ်တွင် ၂၀၂၃ခုနှစ် သင်တန်းဆင်းမှတ်တမ်းပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *