သင်္ဃန်းကျွန်း အုပ်ကြီးဆို့အောက်😄😄😄

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်တွင် စစ်မှုထမ်းရန် ဖိအားပေးသည့် အုပ်ကြီးကို လူငယ်များက ဓားဖြင့်ထိုး

မတ်လ ၂၃

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်တွင် လူငယ်များအား စစ်မှုထမ်းရန် အတင်းဖိအားပေးနေသည့် အုပ်ချုပ်ရေးမှူးကို ၂၀၂၄ခုနှစ် မတ်လ (၁၅)ရက်နေ့ ညပိုင်းတွင် လူငယ်တချို့က ဓားဖြင့်ထိုးသွားသဖြင့် အုပ်ချုပ်ရေးမှူး ဓားဒဏ်ရာများရသွားကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။

စစ်ကောင်စီက လုပ်ဆောင်နေသည့် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်နေလူငယ်(၂)ဦးကို အုပ်ကြီးက အမည်နှင့်တကွ စာရင်းသွင်းသဖြင့် အဆိုပါလူငယ်များက မကျေနပ်ခြင်းကြောင့် မတ်လ(၁၅)ရက်နေ့ ညပိုင်းတွင် အုပ်ချုပ်ရေးမှူး အပြင်ထွက်လာချိန် ဓားနှင့်ထိုးရာ အုပ်ကြီး၏ လက်မောင်းနှင့် လည်ပင်းတို့တွင် ထိရှဓားဒဏ်ရာများ ရရှိသွားသည်ဟု ဆိုသည်။

“အမည်နဲ့တကွ လူငယ်နှစ်ဦးကို အတင်းစစ်မှုထမ်းဖို့ ဖိအားပေးလို့ လူငယ်တွေကလည်း ဘာမှမပြေေဘဲနဲ့ အုပ်ကြီးအပြင် ထွက်တဲ့အချိန် ဓားနဲ့ပြေးထိုးတာ။ အုပ်ကြီးကတော့ ဘာမှသိပ်မဖြစ်သွားဘူး။ လက်မောင်းနဲ့ လည်ပင်းနား ဒဏ်ရာနည်းနည်းရသွားတယ်။ ဓားနဲ့ထိုးတဲ့လူငယ်နှစ်ဦးကတော့ လွတ်နေတယ်။ မမိသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် ဆိုင်ကယ်နှင့်အပြင်ထွက်လာချိန် လူငယ်နှစ်ဦးက ဓားနှင့်ထိုးခြင်းဖြစ်ပြီး ဒဏ်ရာအနည်းငယ်သာရခြင်းကြောင့် စစ်ကောင်စီတပ်သားများက အခင်းဖြစ်သည့်ညတွင် လာရောက်စစ်ဆေးပြီးနောက် ပြန်သွားသည်ဟု ဆိုသည်။“ဆိုင်ကယ်နဲ့အပြင်ထွက်လာချိန်ထိုးတာ။

ရဲတွေတော့လာတယ်။ ဓားထိုးတဲ့ကိစ္စသတင်းကြားတော့ တခြား ရာအိမ်မှူးတွေလည်း ငြိမ်သွားတာပေါ့။ နောက်နေ့ ဓားဒဏ်ရာနဲ့ အုပ်ကြီးက မုန့်လာဝယ်တာကို တရပ်ကွက်လုံး သိတယ်။ ဒဏ်ရာကအများကြီးရသွားတာမဟုတ်ဘူး။ လုပ်တဲ့လူငယ်တွေကလည်း အခွင့်ရေးရတဲ့အချိန် လုပ်လိုက်တာဖြစ်မယ်။ သူတို့က မဲလည်းမနှိုက်၊ စာလည်းမပို့ခံရဘဲ အုပ်ကြီးကရွေးလို့ အဲဒီလိုလုပ်လိုက်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့ကလည်း သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ်(၃)ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် အဆိုပါလူငယ်များ၏ ဖခင်က အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ အိမ်တစ်အိမ်တည်းမှ သားနှင့် သမက်(၃)ဦးလုံးမဲပေါက်ပြီး အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူများမှာ စစ်မှုထမ်းစာရင်းတွင် မပါဝင်၍ အုပ်ချုပ်ရေးမှူးကို မဲပေါက်သည့် လူငယ်(၃)ဦး၏ ဖခင်က ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်လည်း မဲနှိုက်ကာ ရွေးချယ်ရာတွင် မဲပေါက်သည့် မွတ်ဆလင်လူငယ် (၃)ဦးက အုပ်ချုပ်ရေးမှူးကို နေအိမ်ပေါ်တက်ကာ ဓားဖြင့်တက်ထိုးမှု ဖြစ်ခဲ့သည်ဟုလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပြပြောက်ကျား(၅)ဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ စစ်ရှုံးကာ အင်အားနည်းနေသည့် စစ်ကောင်စီသည် လူငယ်များအား အဓမ္မစစ်မှုထမ်းစေခိုင်းရန် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေသော်လည်း ၎င်းတို့၏ သား၊ သမီးများကိုမူ စစ်မှုထမ်းခိုင်းခြင်းမရှိပေ။စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းနိုင်သူ (၁၄)သန်းရှိနေပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို စစ်မှုထမ်းသက်တမ်း (၂)နှစ်နှင့် အရေးပေါ်အခြေအနေဆိုပါက (၅)နှစ်အထိ အဓမ္မစေခိုင်းနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *