ပေါက်ပေါက်ရဲ့ ပေါ-က်ကွဲသံ(ရုပ်သံဖိုင်)

ပေါက်ပေါက်ရဲ့ ပေါ-က်ကွဲသံ(ရုပ်သံဖိုင်)

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုအတွက် မင်းအောင်လှိုင်ကို ခေါင်းဆောင် မဖြစ်ထိုက်သူအဖြစ် မဘသ၊ အမျိုးသားရေးအစွန်းရောက်များက ပြင်းပြင်းထန်ထန် ဝေဖန်

ဩဂုတ် ၄ ရက်

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ယမန်နေ့ သိမ်းပိုက်ချိန်တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်မှာ နေပြည်တော် အမျိုးသားပြတိုက်နှင့် မီးရထားစက်ခေါင်းစက်ရုံသို့ သွားရောက်နေပြီး မင်းအောင် လှိုင်ကို မဘသ၊ အမျိုးသားရေးအစွန်းရောက်များက ခေါင်းဆောင် မဖြစ်ထိုက်သူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် လောက်ကိုင်၊ ကွမ်းလုံအပါအဝင် ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုကို ဆုံးရှုံးခဲ့ရကြောင်း၊ ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ ဆုံးရှုံးလိုက်ရသည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားဒကာသာလုပ်သင့်ပြီး စစ်ခေါင်းဆောင် မဖြစ်သင့်တော့ကြောင်း စစ်တပ်ထောက်ခံသူ မဘသ အမျိုးသားရေး ဝါဒီတစ်ဦးက ဆိုသည်။

“ပေါက်ကိုယ်တော်နဲ့ ဆရာတော်ဦးဝါသ၀လို သံဃာတော်တွေကတောင် မနေလို့ စစ်သားစိတ်ပေါက်ပြီး ဝင်စီမံခန့်ခွဲနေရချိန်မှာ ဦးမင်းအောင်လှိုင်က ဘုန်းကြီးစိတ်ပေါက်နေတယ်။ ဘုရားဒကာပဲလုပ်နေတယ်။ လုပ်သင့်လုပ်တာမျိုး မလုပ်ဘူး။ ဘုရားဒကာလုပ်မယ်ဆိုရင်လည်း နုတ်ထွက်လိုက်။ အခုတော့ သမိုင်းမှာ ရှက်စရာကောင်းတယ်။ တပ်မတော်သမိုင်းအတွက်လည်း ရှက်စရာကောင်းတယ်။ ရမခလို တိုင်းစစ်ဌာနချုပ်တောင် ကျသွားပြီ။ ရှက်ဖို့ကောင်းတယ်။ ဦးမင်းအောင်လှိုင် ခင်ဗျားလက်ထက်မှာ ဒီရမခကြီးဆုံးရှုံးတာ။ ခင်းဗျားရှက်သင့်တယ်။ ခင်ဗျားတို့ တစ်ဖွဲ့လုံး နုတ်ထွက်သင့်တယ်” ဟု စစ်တပ်ထောက်သူ အမျိုးသားရေးဝါဒီတစ်ဦးက တယ်လီဂရမ်မှတစ်ဆင့် ရုပ်သံဖြင့် ဝေဖန်ပြောဆိုထားသည်။

အမျိုးသားရောက်အစွန်းရောက် ဘုန်းကြီးဆိုသူ ပေါက်ကိုယ်တော်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ပုတီးစိတ်၊ ဘုရားတည်မှုများ ရပ်တန့်ပြီး စစ်ကို စစ်နှင့်တူအောင် တိုက်ရန်၊ ရှေ့တန်းတွင် သေဆုံးနေရသည့် စစ်သားများ၏ အသက်ကို ငဲ့ကွက်ရန် ဝေဖန်ပြောဆိုသည်။

“လားရှိုးမှာ ဖြစ်ခဲ့တဲ့ အနေအထားတစ်ခုက အရမ်းကို ကြေကွဲစရာကောင်းတယ်။ ကာချုပ်ကြီး ပုတီးစိတ်နေဦးမှာလား၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ကနေ ခလုတ်တစ်ချက် နှိပ်လိုက်ရုံပဲ ဆို။ အဲဒီခလုတ်ကြီး ဘယ်တော့နှိပ်မှာလဲ။ ဘာခလုတ်လဲ။ နောက်ဆုတ်မယ့် ခလုတ်လား။ ကာချုပ်ကြီး ဘုရားတည်တာ ခဏရပ်ထားပါဦး။ တပ်ထောက်ခံသူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးပါဦး”ဟု ပေါက်ကိုယ်တော်ဆိုသူက ပြောဆို ဝေဖန်ထားသည်။

ဆက်လက်၍ “ပွင့်ပွင့်လင်းလင်းပြောရရင် အကုန်လုံးက ငွေရရေးပဲ လုပ်နေကြတာ။ တိုင်းပြည်ကိုသူတို့ အဲဒီလောက်မချစ်ဘူး။ သူတို့မှာ မျိုးချစ်စိတ်မရှိဘူး။ တချို့မြို့ပေါ်မှာ ငွေရှာပြီး စားနေကြတာ။ ရှေ့မှာ တပ်မတော်သားတွေကို ထောက်ပံ့ရမှန်းမသိဘူး။ ပကစတွေကို ထောက်ပံ့ရမှန်းမသိဘူး။ ကူညီရမှန်းမသိဘူး။ သူတို့ရှေ့ထွက်တိုက်ရလို့ အားပေးစကားပြောရကောင်းမှန်းမသိဘူး။ ရသမျှငွေ သူတို့အိတ်ထဲထည့်နေတာ ။တစ်ခုချင်းပြလို့ရတယ်။ ဟောဒီမြေကွက်ကြီးက ဘယ်ဗိုလ်မှူးတွေ။အဲဒါကြီးက ဘယ်သူတွေစားတယ်။ အဲဒီမြေကွက်ကြီးက ဘယ်စည်ပင်ကို ဘယ်လောက်ပေးရတယ်။ အဲဒါတွေ ရပ်ကြပါတော့” ဟု ပေါက်ကိုယ်တော်က ဝေဖန်ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၏ ဌာနချုပ်များကို ခလုတ်နှိပ်ရုံဖြင့် ချေမှုန်းဖျက်ဆီးနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးကြောင်း၊ ယခုအချိန် ယင်းခလုတ်ကို ဘာကြောင့် မနှိပ်သနည်းဟု အမျိုးသားရေးအစွန်းရောက် မပုတုက မေးခွန်းထုတ်ထားသည်။

” ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကျွန်မမေးမယ်။ အဲဒီခလုတ်ကြီးက ဘယ်အဖုတ်ကြီးထဲ ရောက်နေတာတုန်း။ ဆိုက်ဝါးနဲ့ False News တွေနဲ့ လူထုကို လိမ်မနေနဲ့။ သေနတ်တောင် မကိုင်ဖူးတဲ့ ကျွန်မတို့က လားရှိုးကို သွားလို့မရဘူး။ ပစ္စတိုခါးကြားထိုးပြီး လားရှိုးသွားတဲ့ ခင်ဗျားတို့အဘကြီးကို သွားခိုင်းရမှာ”ဟု အမျိုးသားရေးအစွန်းရောက် မပုတုကဆိုသည်။

ထို့ပြင် မဘသနှင့် အမျိုးသားရေးအစွန်းရောက် ကျော်စိုးဦးက သူ၏ တယ်လီဂရမ်တွင် လားရှိုးမှ မြင်ကွင်းဗီဒီယိုများကို ရှယ်၍ တောက်လျှောက်ဆိုသလို သူ၏ အမြင်များကို ဖော်ပြထားသည်။

“ဘယ်ကောင်မှ သတင်းအမှန်တွေ အမှားတွေ ရေးမနေနဲ့။ ခင်ဗျားတို့ ရှင်းရမှာမဟုတ်ဘူး။ သတင်းမှန်က ရှင်းရမှာ။ခင်ဗျားတို့ ကြည့်ရက်တယ်ဗျာ။ မြင်ကြပါစေ၊သိကြပါစေ၊ခံစားတတ်ကြပါစေ”ဟု လားရှိုးတွင် သေဆုံးနေသူများ၏ ဗီဒီယိုများ၊ လားရှိုး ရမခ ကျဆုံးသည့် ဗီဒီယိုများကို ဖော်ပြ၍ တယ်လီဂရမ်တွင် ကျော်စိုးဦးက ရေးသားထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *