နာမည်ကြီး K-Pop အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာမည်ဟုဆို

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအရ နာမည်ကြီး K-Pop အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ ပြောကြားမှုအရ သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ  K-Pop အဖွဲ့သည် နိုဝင်ဘာလ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မကြာမီ ကြေညာသွားမှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ” လာမယ့် ၃ ရက်နေ့မှာ ကိုရီးယား K-Pop အဖွဲ့လာဖို့ရှိပါတယ်။ ၂ ရက်နေ့မှာ ရောက်ပြီးတော့ ၃ ရက်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ Sunday Night Live Show ရိုက်ပြီးတော့ ၄ ရက်နေ့မှာ ရန်ကုန်မှာ Show ဝင်ပြီးတော့ ၅ ရက်နေ့ ပြန်ပါမယ်။ နာမည်ကြီး K-Pop အဖွဲ့ဝင်များဖြစ်ပါတယ်။ မကြာမီ ကျွန်တော်တို့ အားလုံးကို ကြေညာတော့မှာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

ယင်း K-Pop အဖွဲ့ရောက်ရှိလာပါက ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ ပါဝင်သူများ အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအရ ဝိုင်းဝန်းပါဝင် ပူးပေါင်းရန် မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

” အဲ့ဒီတော့ ဒီ K-Pop အဖွဲ့တွေ ရောက်ခဲ့လို့ရှိရင်လည်း ဂီတမောင်နှမတွေ၊ ရုပ်ရှင် မောင်နှမတွေ K-Pop ကိုချစ်သော သားငယ်၊သမီးအားလုံး ဒါနှစ်နိုင်ငံ ချစ်ကြည်ရေးအရရော ဖျော်ဖြေပွဲတစ်ခုအနေနဲ့ ဝိုင်ဝန်းပါဝင် ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲအဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလက ရန်ကုန်မြို့၊သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl’s Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ထို့ပြင် နာမည်ကြီး အမျိုးသမီး K-Pop အဖွဲ့တစ်ခုဖြစ်သည့် 2NE1 အဖွဲ့လည်း  မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး၂၀၁၄ ခုနှစ်၊ သြဂုတ် ၂ ရက်တွင် Myanmar Event Park တွင် မြန်မာပရိသတ်များကို ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *