ကျောက်မဲမြို့နယ်က နတ်ရေစင်တွင်ရေချိုးရင်း ကျောက်တုံးပေါ်ကနေအမျိုးသမီးတစ်ဦးပြုတ်ကျ ပွဲချင်းပြီး

ကျောက်မဲမြို့နယ်က နတ်ရေစင်တွင်ရေချိုးရင်း ကျောက်တုံးပေါ်ကနေအမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး 18 October 2023 (7:13 PM) သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာရှိ တောင်ကျစိမ့်စမ်းရေထွက်တစ်ခုအား ဒေသခံများစွာက အယုံအကြည်လွန်ကဲကာ နတ်ရေစင်ဟူ၍ နာမည်ကြီးနေသည်မှာ အောက်တိုဘာလ ပထမပတ်ကတည်းကဖြစ်သည်။

အဆိုပါ နတ်ရေစင်တွင် ရေချိုးပါက ရောဂါဘယများပျောက်ကင်းနိုင်သည်ဟူသော ကောလဟလများကြောင့် နေ့စဉ်နှင့်အမျှ နတ်ရေစင်တွင် လူစည်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

အောက်တိုဘာလ (၁၇) ရက်နေ့က အဆိုပါ နတ်ရေစင်တွင် ရေချိုးရင်း အသက် (၄၅) နှစ်အရွယ်ရှိ ဒေါ်မြထွန်းဟုဆိုသူက ရေချိုးသည့်နေရာရှိ ကျောက်တုံးပေါ်ကနေ ခြေချော်ကျရင်း ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးကပြောပြသည်။ “ဘယ်လိုကနေ ဘယ်လိုနာမည်စကြီးလာတာလဲတော့ မသိဘူး။

အခုဆိုရင် ဒီအနီးအနားကရော သီပေါတို့ နောင်ချိုတို့ဘက်ကပါ ကားတွေနဲ့ရောက်လာပြီး ရေလာချိုးကြတယ်ဗျာ။ အစတုန်းကတော့ ရွာကနေ ဆေးလာကုတဲ့ လင်မယား (၂) ယောက် လေဖြန်းလို့ မြို့မှာဆေးလာကုရင်း အပြန်အဲ့ဒီရေထွက်မှာ ရေချိုးလို့ ပြန်ကောင်းသွားတယ်လို့ပြောတယ်။

သေသေချာချာလိုက်မေးကြည့်ပြန်တော့လည်း အဖြေကတိတိကျကျမသိရဘဲ ဟိုရွာကလူလိုလို ဒီရွာကလူလိုလိုနဲ့ ကောလဟလဖြစ်နေတယ်။ ပြီးတော့ ပြောကြသေးတာတစ်ခုက အခုရေထွက်တဲ့နေရာမှာ ပိုက်တွေနဲ့တွယ်တန်းထားပေးတာတွေရှိတယ် ဒီပိုက်တွေက ၁၄ ရက်နေ့အထိ လကွယ်နေ့အထိပဲစွမ်းတယ်တဲ့။

အခုက နတ်တွေက သက်တမ်းပြန်တိုးထားပေးလို့ ဆေးစွမ်းရှိနေတုန်းဆိုပြီးတော့လည်း ပြောကြတယ်။ ဒီလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ကျနော်တို့တောသူတောင်သားတွေက အယူသီးနေကြတာမြင်ရတော့ တော်တော်တောင်စိတ်မကောင်းဖြစ်ရတယ်။” ဟု ကျောက်မဲမြို့နယ်ရှိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

“အိမ်ကလူတွေကတောင် အရမ်းစွမ်းတယ် ရောဂါပျောက်တယ်ဆိုပြီးကြားလို့ လူကြီးတွေက သွားချိုးမယ်တစ်ကဲကဲလုပ်နေလို့ မနည်းတားထားရတယ်။ ပြီးတော့ အဲ့ဒီနေရာက စစ်ပွဲတွေကြောင့် ရွာပျက်ဖြစ်နေတာကြာပြီ။ အခုမှ ရေချိုးရင်ရောဂါပျောက်တယ်ဆိုလို့ ပြန်နာမည်ကြီးလာလို့ လူတွေက သွားနေကြတာပေါ့။

ကျနော်တို့ သျှမ်းတိုင်းရင်းသားတွေက အရမ်းရိုးလွန်းတယ် ရိုးလွန်းလို့ အယုံအကြည်အရမ်းလွယ်ကြတယ်။ အခုလည်း သက်ကြီးရွယ်အိုတွေက အရမ်းယုံပြီး သွားချင်နေကြတာ။ ဒီလိုရေချိုးလိုက်ရုံနဲ့ ရောဂါပျောက်စတမ်းဆိုရင် ဆရာဝန်ဆိုတာ ဘယ်လိုလုပ်လိုအပ်တော့မလဲဗျာ။” ဟု ကျောက်မဲဒေသခံနောက်တစ်ဦးက ပြောပြသည်။ နတ်ရေစင်ဟု နာမည်ကြီးသော နေရာသည် ကျောက်မဲ-မိုင်းငေါ့လမ်းရှိ နမ့်မန်းဆိုသည့် ကျေးရွာတွင် တည်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့် ကျေးရွာပျက်ဖြစ်နေသည့်ရွာဖြစ်သည်။ #HsanLoiVoice

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *