အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခတွေ အရှိန်အဟုန် ကြီးမားလာတာကြာင့် မနေ့က သောကြာနေ့ နိုင်ငံတကာဈေးကွက် ပိတ်ချိန်မှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာ
သီတင်းပတ် နှစ်ပတ်မြောက်အဖြစ် မြင့်လာပြီး သုံးလအတွင်း အမြင့်ဆုံးကိုလည်း ရောက်ရှိခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဒီနှစ်၊ မေလနောက်ပိုင်း အမြင့်ဆုံးဈေးကို ရောက်ခဲ့ပြီးမှ တစ်အောင်စကို ၁၉၇၉ ဒေါ်လာနဲ့ ဝ.၃ % မြင့်တက်ပြီး ဈေးပိတ်ခဲ့ပါတယ်။
အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁၉၉၄.၄၀ ဒေါ်လာနဲ့ ဝ.၇ % မြင့်တက်ပြီး ဈေးပိတ်ခဲ့ပါတယ်။ ဈေးမပိတ်ခင်က ဒေါ်လာ ၂၀၀၀ ကျော်အထိ ရောက်သွားခဲ့တာကြောင့် ဇူလိုင် ၃၁ နောက်ပိုင်းမှာ အမြင့်ဆုံးကြိုပွိုင့်ဈေး ဖြစ်ခဲ့ပါသေးတယ်။
ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း အရေးကြောင့် ပထဝီနိုင်ငံရေး တင်းမာမှုတွေက အရှိန် ပြင်းထန်လာနေပြီး အရှေ့အလယ်ပိုင်းဒေသတခွင်အထိ ပျံ့နှံ့လာမယ်ဆိုရင် ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ကို ဖြတ်ကျော်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်
ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးဟာ ၂.၅ % မြင့်တက်ခဲ့ပြီး အစ္စရေး-ဟားမတ်စ် ပြဿနာ စတင်ကတည်းက ဒေါ်လာ ၁၆၀ နီးပါး ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး တဟုန်ထိုး တက်လာချိန်မှာ မြန်မာပြည်တွင်း ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ပတ်လည်မှာ ငြိမ်နေခဲ့ရာက အခုဆို ကျပ် ၃၄ သိန်း ၈ သောင်းဝန်းကျင်အထိ ဆက်တိုက် မြင့်တက်လာတာ တွေ့ရပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာ ဒေါ်လာဈေး ပြန်အေးလာတာနဲ့ ပွင့်လင်းရာသီကာလမှာ ရွှေဈေး ကျတတ်တဲ့ သဘာဝကြောင့် ကမ္ဘာ့ရွှေဈေး တက်သလောက် ပြည်တွင်းရွှေဈေး လိုက်မတက်နိုင် ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။