ထားဝယ်မုန့်ဟင်းခါး၂ပွဲ

ထားဝယ်ထောင်မှ ထွက်လာသည့် ကားကို စီးနင်းခဲ့ပြီး ထောင်ဝန်ထမ်း ၂ ဦးကို ပစ်သတ်၍ အကျဥ်းသား ၅ ဦး ကို ပြည်ပသို့ပို့ဆောင်ပေးခဲ့ဟု DGRF ထုတ်ပြန်

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ) ၊ နိုဝင်ဘာလ ၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ပြီးခဲ့သည် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ထားဝယ်ထောင်မှ ထွက်လာသော ကားကို စီးနင်းခဲ့ပြီး အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးကို ပစ်သတ်၍ အကျဥ်းသားငါးဦးကိုပြည်ပသို့ လုံခြုံစွာပို့ဆောင်ပေးခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRF က ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထားဝယ် အကျဥ်းထောင်မှ ဝန်ထမ်းနှစ်ဦး နှင့် အကျဥ်းသား ငါးဦးလိုက်ပါလာသည့် ကားသည် ရေဖြူမြို့၊ ဇီးကျ ရွာအနီးရှိ အကျဥ်းထောင်သစ်ဆောက်နေသည့်နေရာတွင် ရာဘာထင်းများ သယ်ယူရန် ထွက်ခွာလာခြင်းဖြစ်ပြီး ထိုသို့ ထွက်ခွာလာသည်ကို ကြိုတင်သတင်းရရှိ၍ ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ – DGRF တပ်ခွဲ ၂ က အသင့်စောင့်ကြိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ဖမ်းဆီးထိန်သိမ်းပြီးနောက် ထားဝယ်အကျဥ်းဦးစီးဌာနမှ ထောင်ဝန်ထမ်း နှစ်ဦးကို စစ်ဆေးမေးမြန်းရာ တပ်သားလွင်ငြိမ်း နှင့် အောင်ဘိုဘိုထွဋ်တို့ဖြစ်ပြီး စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီး ပြီး အသေးစိတ် အချက်အလက်ကိုစစ်ဆေးတယ်။ အဲဒီ ထောင်ဝန်ထမ်း နှစ်ဦးကလည်း လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တယ်လို့ ဝန်ခံတယ်။ အဲဒါကြောင့် အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ ဘုရားမဲ စစ်ဆေးရေး ဂိတ်ကနေပြီး ပေ ၁၀၀၀ ခန့်အကွာမှာ ပစ်သတ်ခဲ့တယ်” ဟု DGRF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့နောက် အကျဥ်းသားများကို ပြည်ပသို့ ဘေးကင်းလုံခြံစွာပို့ဆောင်ပေးခဲ့ပြီး အဆိုပါအကျဥ်းသား ငါးဦးတွင် အသက် ၄၀ ကျော်အရွယ် နှစ်ဦး ၊ အသက် ၃၀ ကျော်အရွယ် သုံးဦး ပါဝင်ကြောင်းသိရသည်။

“ကျွန်တော်တို့ ပြည်ပကို ပို့လိုက်တာက အကျဥ်းသားတွေရဲ့ တောင်းဆိုမှုနဲ့ပို့ပေး လိုက်တာပါ။ အဲဒီ အကျဥ်းသား ငါးဦးပြည်ပကို ပို့ဖို့အတွက် အဖွဲ့တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီးပို့ရတာမို့ အခက်အခဲတော့ရှိတယ်။ ဒါကြောင့်လည်း အချိန်က ၁ လ နီးပါး လောက်ကြာသွားတာ။ အခုတော့အားလုံး ပြည်ပကို ချောမွေ့စွာနဲ့ ရောက်ရှိသွားပြီ”ဟု DGRF ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်ပသို့ ပို့ဆောင်ပေးခဲ့သည် အဆိုပါ အကျဥ်းသား ငါးဦးသည် နိုင်ငံရေးအကျဥ်းသားများ မဟုတ်ဘဲ ရဲပြေး တစ် ဦး၊ စစ်ပြေး နှစ် ဦး၊ ကားမှောင်ခိုမှု ဖြင့်ထောင်ကျအကျဉ်းသား တစ်ဦး နှင့် လူမှုရေးဖောက်ပြန်၍ ထောင်ကျအကျဉ်းသား တစ်ဦး တို့ဖြစ်ကြောင်း DGRF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

အဆိုပါ ထားဝယ်ထောင်မှထွက်လာသောကားစီးနင်းမှု ဖြစ်စဥ်အတွင်း ကားတစ်စီး၊ ချိန်းဇောစက်တစ်လုံး၊ တက်တူးစက်တစ်လုံးနှင့် ဖုန်းနှစ်လုံးအား သိမ်းဆည်းရမိခဲ့ ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ထံကသိရသည်။

ဓာတ်ပုံ-DGRF

ပုံစာ-ထားဝယ်ထောင်မှ ထွက်လာသည့် ကားကို ပြောက်ကျားအဖွဲ့က စီးနင်း၍ အကျဥ်းထောင်ဝန်ထမ်းနှင့်အကျဥ်းသားများကိုဖမ်းဆီးခေါ်ဆောင်သွားစဥ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *