စတန်းတတ်အာမီကြီးအတွက် ခြိမ်းခြောက် အလှူငွေများ တောင်းခံ

ရှမ်းမြောက်ဒေသရှိ ရှေ့တန်းရောက် စစ်သားများအတွက် စစ်ကောင်စီက လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ အလှူငွေများ လိမ်လည် ခြိမ်းခြောက် တောင်းခံ

■ ဦးစီးဌာနတစ်ခုလျှင် သိန်း ၁၀၀ လှူဒါန်းရမည်ဟုဆိုကာ ဝန်ထမ်းများထံမှ အလှူငွေကောက်

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသရှိ ရှေ့တန်းရောက် စစ်သားများအတွက် စစ်ကောင်စီက လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ အလှူ ငွေများ လိမ်လည် ခြိမ်းခြောက် တောင်းခံမှုများ လုပ်ဆောင်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများနှင့် ဖရဲသီး ဌာနဆိုင်ရာ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်းစစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ အလုပ်ရုံများ၊ UMFCCI အသင်းအဖွဲ့များကို ရှမ်းမြောက်ဒေသမှ ရှေ့တန်းရောက် စစ်သားများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ငွေများ လှူဒါန်းပေးကြရန် အတင်းအကျပ် ဖိအားပေး အလှူငွေ တောင်းခံလာကြောင်း၊ ထို့ပြင် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများကိုလည်း ရှေ့တန်းရောက်စစ်သားများ အတွက် အားပေးကြောင်း ပြသသည့် အနေဖြင့် အလှူငွေများ ကောက်ခံကြရန် ရန်ကုန်တိုင်း စစ်ကောင်စီက ညွှန်ကြားလာကြောင်း သိရှိရသည်။

“ရှမ်းမြောက် တိုက်ပွဲတွေမှာ သေဆုံးတဲ့ စစ်သားတွေအတွက် ကူငွေ ထည့်ဖို့၊ ရှေ့တန်းရောက် စစ်တပ်တွေကို ထောက်ခံကြောင်းပြသဖို့ အလှူငွေ မထည့်မနေရ ထည့်ရမယ်ဆိုပြီး ဖိအားပေးလာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ အသင်း အဖွဲ့တွေ အကုန်ပါတယ်။ အလှူငွေထည့်ခိုင်းတာ။ ဒါ့အပြင် ရန်ကုန်တိုင်းစစ်ကောင်စီက ခရိုင်နဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို အလှူငွေရှာခိုင်းတယ်။ အဲဒါ ခရိုင်နဲ့မြို့နယ်တွေက မြို့နယ်တွေမှာရှိတဲ့ မြို့မျက်နှာဖုံးနဲ့ စီးပွားရေးသမားတွေ ဘယ်သူ ဘယ်လောက်ထည့်ဆိုပြီး အတင်းအကျပ် ငွေထည့်ခိုင်းတယ်” ဟု ရန်ကုန်အခြေစိုက် UMFCCI မှ လုပ်ငန်းရှင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။

ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ မန္တလေးမြို့တော်ခန်းမတွင် တိုင်းစစ်ကောင်စီက လုပ်ငန်းရှင်များကို တွေ့ချင်သည်ဟုဆိုကာ လိမ်လည်ခေါ်ယူပြီး ရှမ်းမြောက်ဒေသမှ ရှေ့တန်းရောက်စစ်သားများအတွက် အလှူငွေများ လိမ်လည် ကောက်ခံသွားကြောင်း သိရှိရသည်။

“မန္တလေး မြို့တော်ခန်းမမှာ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဝန်ကြီးက တွေ့ချင်လို့ပါဆိုပြီး ခေါ်တယ်။ ဝင်ပေါက်မှာ အလှူငွေဘယ်လောက်ထည့်မလဲဆိုပြီး မေးတယ်။ ပြီးတော့မှ ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဆိုပြီး ဇွတ် အလှူငွေထည့်ခိုင်းတယ်။ ကျနော်တို့ကိုခေါ်တာက တိုင်းစစ်ကောင်စီ ဝန်ကြီးနဲ့တွေ့ဖို့ဆိုပြီး လိမ်ခေါ်တာ။ ဒီရောက်မှ‌ အလှူငွေ လိမ်‌ေ ကာက်တာ။တကယ့်အောက်တန်းစားတွေ။ နှစ်ပေါင်း ၆၀ ကျော် Institutions ကြီး Standard Army ကြီးက ကျနော်တို့ ပြည်သူတွေဆီက လိမ်ပြီး အလှူခံရတဲ့အဆင့်ဆိုတာ သူတို့အဆင့် စဥ်းစားသာကြည့်ကြပါတော့” ဟု မန္တလေးတိုင်းမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများတွင်လည်း ဦးစီး ဌာနတစ်ခုလျှင် ငွေကျပ် သိန်း ၁၀၀ အလှူငွေ မဖြစ်မနေ ထည့်ဝင်ကြရန် ညွှန်ကြားထားဖြင့် ဦးစီးဌာနများက ၎င်းတို့နှင့် ဆက်သွယ်လုပ်ကိုင်နေသော စီးပွားရေးကုမ္ပဏီများထံသို့ အလှူငွေထည့်ဝင်ကြရန် အတင်းအကျပ် စာပေးပို့ အလှူငွေ တောင်းနေကြောင်း သိရှိရသည်။

“ဆီလုပ်ငန်းတွေ၊ ကုမ္ပဏီတွေကို အလှူငွေတွေကို မထည့်မနေရ အလှူခံနေတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကုမ္ပဏီတွေဆီ တွေဆီကို စာတွေပို့ပြီး အလှူငွေတောင်းနေတယ်” ဟု စက်သုံးဆီကုမ္ပဏီတစ်ခုမှ ဒါရိုက်တာတစ်ဦးက ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *