လားရှိုးမြို့နယ်ရှိ ဂျာယန်စခန်းကိုသိမ်းလိုက်ပြန်ပီး

လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိ၊ သေနတ် ၇၈ လက်နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းကို ဝင်ရောက် သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဂျာယန် ပြည်သူစစ် စခန်းသည် စစ်ကောင်စီ၏ ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခု ဖြစ်ပြီး စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည့်အတွက် ဂျာယန်စခန်းကို ဝင်ရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းကို ဝင်ရောက် ရှင်းလင်းစဥ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် ၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် နှင့် ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့ ၄ ဦးအား ထိန်းသိမ်းထားကာ ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်း စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာမ ဆေးပြား ၃၉ ထုတ်ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *