ပြင်ဦးလွင်နှင့် မန္တလေးက ခဝေးတွေပြင်ဆင်နေကြပြီး

နောင်ချို ဂုတ်ထိပ်တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ပြင်ဦးလွင်နှင့် မန္တလေးတွင် ခံစစ်ပြင်ထား

ဧရာ၀တီတိုင်းမ်

နို၀င်ဘာလ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတား အနီးနှင့် ရွှေညောင်ပင်ကျေးရွာ တဝိုက်တွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (TNLA) ၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၆ ရက် နံနက် ၈နာရီ၄၀မိနစ်ခန့်ကစတင်၍ TNLA၊ မန္တလေး PDF ပူးပေါင်းအဖွဲ့က နောင်ချိုမြို့ နယ်ဂုတ်ထိပ်အနီးတစ်ဝိုက်တွင်ရှိသော စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

ရှမ်းမြောက်တွင် တပ်စခန်းများ တစ်ခုပြီးတစ်ခု အသိမ်းခံနေရသည့် စစ်ကောင်စီ တပ်သည် ပြင်ဦးလွင်နှင့် မန္တလေးမြို့ပေါ်တွင် ခံစစ်များပြင်ဆင်ပြီး အထိုင်စခန်းများတွင် အင်အားတိုးချဲ့ထားကြောင်း ဒေသခံ များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ပြင်ဦးလွင်ရှိ ၀က်ဝံဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များကို အင်အားတိုးချဲ့ပို့ဆောင်ထားပြီး ခံစစ်ပြင်ဆင် ထားကြောင်း သိရသည်။

“ပြင်ဦးလွင်လမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားအပြီးမှာ အခုလို ခံစစ်ပြင်ဆင်နေကြတာ။ လာတဲ့တပ်ဖွဲ့တွေက အစုံပဲ ဘက်တံဆိပ်တွေ မတူကြဘူး”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မန္တလေးမြို့ရှိ အမကကျောင်းများတွင်လည်း နို၀င်ဘာ ၃ ရက်နေ့ကစပြီး ကလေးများကို ကျောင်းပိတ်ထားပြီး စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲ ထားခြင်းများ ပြုလုပ်နေ‌ကြကြောင်း မန္တလေးမြို့ခံ ပြည်သူများထံက သိရသည်။

” နိုဝင်ဘာ ၃ ရက်နေ့က စစ်အင်အား ၂၀ နဲ့ ၇၄ လမ်း ၃၇×၃၈ ကြားမှာရှိတဲ့ အမကကျောင်းထဲကို လာပြီးတပ်စွဲတယ်။ အထိုင်ချတဲ့သဘောပဲ။ အဲဒီနေ့က ကလေးတွေကို နေ့ တစ်၀က်ကျောင်းဆင်းပေးလိုက်တာ တွေ့တယ်”ဟု မန္တလေးမြို့ခံ ပြည်သူတစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ၏တပ်စခန်းများကို စီးနင်း၀င်ရောက်တိုက် ခိုက်သိမ်းပိုက် လျက်ရှိပြီး လက်ရှိတွင် မြေပြန့်ဒေသမှ ခရိုင်မြို့တစ်မြို့ဖြစ်သည့် ကောလင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်အောင်မြင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *