“ဘပု”ပဲထွက်တိုက်လိုက်စမ်းပါ အမိန့်ဖီဆန်မှုတွေဖြစ်ကုန်ပီး

လဟယ်မြို့ အခြေစိုက် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါ အဝင် စစ်သား ၁၀ ဦးကို စစ်တိုက်ရန် အမိန့်ဖီဆန်မှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ မှ နှစ်ရှည် ထောင်ဒဏ်များချမှတ်

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့နယ် အခြေစိုက် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကုဋေစိုး အပါအဝင် စစ်သား ၁၀ ဦးကို စစ်တိုက်ရန် ငြင်းဆန်မှု အထက် အမိန့်ဖီဆန်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ မှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကုဋေစိုး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသည် ရှေ့တန်းသို့ စစ်ဆင်ရေး တာဝန်သွားရောက်ရန် စစ်ကောင်စီက အမိန့်ပေးခဲ့သော်လည်း မသွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကုဋေစိုးနှင့် စစ်တိုက်ရန် ငြင်းဆန်သော အမိန့်ဖီဆန်သည့် စစ်သား များကို ဖမ်းဆီးကာ စစ်ခုံရုံးဖြင့် ထောင်ဒဏ် စီရင်ချက်များ ချမှတ်ကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ကုဋေစိုးသည် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပြီး ကျန်ရှိသော စစ်သားများမှာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခံရ ကြောင်း သိရှိရသည်။

“လဟယ် နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၂၇၂ တပ်က အရင်တုန်းက ခန္တီးမှော် နန်စီပွန်လုံခြုံရေးအထိုင်များတယ်။ အဲဒီနောက်

အဲနောက်ပိုင်း ဟုမ္မလင်း ဘက်အထိ စစ်ဆင်ရေးမကြာခဏသွားရပြီး ကျဆုံး စစ်သည်နဲ့ဒဏ်ရာရစစ်သည်များလည်းအတော်များပြားတယ်။ တပ်ပြေးပြုန်းတီးအင်အားလည်း အလွန်များတယ်။ အဲဒီတပ်က နမခ လက်အောက်ခံ ခန္တီး အမှတ်၂ စစ်ဗျူဟာကွပ်ကဲမှုအောက်ကပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရွှေပြည်အေး တိုက်ပွဲမှာ ရှမ်းနီနဲစစ်တပ်က ပေါင်းတိုက်တဲ့တိုက်ပွဲမှာ အဲဒီတပ်က စစ်သား ၃၀ကျော်ကျသွားတယ်။ အဲဒါ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၀ ဦးကို ဟုမ္မလင်းစစ်ခုံရုံးက ထောင် နှစ် ၂၀ ကနေပြီး နှစ်ရှည်ထောင်ဒဏ်တွေချတယ်။ ဒုတိယဗိုလ်မှူးကြီးက ထောင်ဒဏ် နှစ် ၂၀ ကျတယ်။ ကျန်သူတွေက ၁၀ နှစ်စီကျတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ပွဲများတွင် သေဆုံးမှုများပြားလာခြင်းကြောင့် တပ်မှ ထွက်ပြေးသူများ၊ အမိန့်မနာခံသူများ၊ CDM လုပ်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်သူများ များပြားလာကြောင်း တပ်တွင်းသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *