နေပူတော်မှာလည်း ပွဲဆူနေပြီး

သတင်း

၉၉ တပ်မမှူး တိုက်ပွဲကျအပြီး နေပြည်တော်တွင် တိုင်းမှူးအစည်းအဝေး အရေးပေါ် ခေါ်ယူ

ဧရာဝတီ

စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်မတခုဖြစ်သော တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် နိုဝင်ဘာလ ၅ ရက်နေ့ကဖြစ်ပွါးသော ရှမ်းပြည်နယ်မြောက်ပိုင်း ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် ကျဆုံးသွားပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နေပြည်တော်တွင် တိုင်းမှူးများကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအနေဖြင့် တပ်မမှူး တိုက်ပွဲကျဆုံးသွားခြင်းဖြစ်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် မုန်းကိုးမြို့နယ်အတွင်းရှိ ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ ပန်လုံဗျူဟာကုန်းအား ရခိုင်တပ်တော်မှ စစ်သည်များသည် နိုဝင်ဘာလ ၅ ရက်နေ့မနက်အစောပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် အဆိုပါဗျူဟာကုန်းအား သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော စစ်သုံ့ပန်းများကို ကိုးကားပြီး ရခိုင်တပ်တော်ကလည်း ၉၉ တပ်မမှူး ဒရုန်းမှ ချသော ဗုံးဆန်မှန်ပြီး ကျဆုံးကြောင်း အတည်ပြုသည်။ အလောင်းမရ၍ တရားဝင် သတင်းမထုတ်ကြောင်းလည်း ပြောသည်။

တိုက်ပွဲကျသွားသော ဗိုလ်မှူးကြီးအောင်ကျော်လွင် အလောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် နောက်တန်းသို့ ပြန်သယ်ယူကြောင်းလည်း သိရသည်။ ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းတွင် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မ ၉၉ သို့ တပ်မမှူးအဖြစ် ပြောင်းရွှေ့သွားသူဖြစ်သည်။

မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ သည် ယခုအခါ ၁၀ ရက်ကျော်ခဲ့ပြီ ဖြစ်ပြီး မြန်မာစစ်တပ်၏ အမာခံ ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ရာချီသိမ်းယူနိုင်နေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည် ချေမှုန်းမည်ဟု ကြုံးဝါး ဟန်ရေးပြနေသော်လည်း စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင်မှု စတင်နိုင်ရန် မဆိုထားနှင့် နောက်ထပ် အရေးပါသော စခန်းကုန်းများ လက်မလွှတ်စေရေး မနည်းရုန်းကန်နေရကြောင်း သိရသည်။

(ပုံစာ – ဗိုလ်မှူးကြီးအောင်ကျော်လွင် ကျဆုံးသွားသော မုန်းကိုးမြို့နယ်အတွင်းရှိ ပန်လုံဗျူဟာကုန်းပြ မြေပုံ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *