ကလေးမြို့ စခန်း သုံးခုကို သိမ်းပိုက် ကြယ်၉ပွင်ကြွေ(ရုပ်သံ)

ကလေးမြို့ စစ်အုပ်စု စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်၊

ရဲစခန်းမှုးနဲ့ အကျဥ်းဦးစီးမှူး အပါ စစ်အုပ်စု (၁၀)ယောက် ဖမ်းမိပြီး (၃၅)လောင်းနဲ့ လက်နက်တွေ ရ၊

တော်လှန်ရေးရဲဘော် ကိုးဦး ကျဆုံး၊

စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ပြည်သူ ငါးဦးလည်း သေဆုံး၊

ကိုသူ/MFP၊ နိုဝင်ဘာ – ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက မြောက်စည်း ရဲစခန်းနဲ့ ကလေးနယ် မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာ အနီးက ရာဇဂြိုလ် အကျဉ်းစခန်း ရာ(၁)နဲ့ ရာ(၂)၊ စုစုပေါင်း စစ်အုပ်စု စခန်း သုံးခုကို ဒီရက်ပိုင်းအတွင်း တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ‌ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ ကလေးဒေသ စစ်အုပ်စု စခန်းတွေကို နိုဝင်ဘာ(၃)ရက်က စတင်ကာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပြီး ကလေးနယ်မြောက်ပိုင်း ရာဇဂြိုလ် ကျေးရွာအနီးက ရာဇဂြိုလ်အကျဉ်းစခန်း ရာ(၁)ကိုတော့ စစ်အုပ်စုတွေ လက်နက်ချ ထွက်ပြေးသွားတာကြောင့် နို၀င်ဘာ(၃)ရက်မှာပဲ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးနယ်တောင်ပိုင်းက မြောက်စည်းကျေးရွာ ‌ရဲစခန်းကိုတော့ နိုဝင်ဘာ(၃)ရက်ကနေ (၅)ရက်အထိ သုံးရက်ကြာ တိုက်ခိုက်ခဲ့ရပြီး ရာဇဂြိုလ်ကျေးရွာ အကျဉ်းစခန်း ရာ(၂)ကိုတော့ စတင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဒီနေ့ နို၀င်ဘာ (၇)ရက်မှာမှ အပြီးသတ် သိမ်းပိုက်နိုင်တာ ဖြစ်တယ်လို့ ကလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-ကလေး တပ်ရင်း(၆) ပြန်ကြားရေး တာ၀န်ခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ကလေးဒေသ စခန်းသိမ်း တိုက်ပွဲတွေအတွင်း မြောက်စည်းရွာ ရဲစခန်းက စခန်းမှူး၊ ရာဇဂြိုလ် အကျဉ်းစခန်းက အကျဉ်းဦးစီးမှူး အပါအ၀င် စစ်အုပ်စု လက်နက်ကိုင် (၁၀)ယောက် ဖမ်းမိပြီး အလောင်း (၃၅)လောင်းနဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ကလေးဒေသ ရာဇဂြိုလ်ကျေးရွာ ရာ(၂)အကျဉ်းစခန်းကို ငါးရက်ကြာ တိုက်ခိုက်ယူရတာဟာ စစ်အုပ်စုက လေကြောင်းပစ်ကူပေးတာ အပါအ၀င် လက်နက်မချဘဲ ဘန်ကာထဲကနေ ပုန်းအောင်း ပစ်ခတ်နေတာကြောင့် ဖြစ်ပြီး‌ ဒီနေ့မှာတော့ စစ်အုပ်စုတွေ စခန်းစွန့်ခွါ‌ ထွက်ပြေးသွားတာကြောင့် အပြီးသတ် သိမ်းနိုင်ခဲ့တာလို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲ့ဒီ စခန်းသိမ်း တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် ကိုးဦး ကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်တွေဟာ PDF -ကလေး တပ်ဖွဲ့၀င် နှစ်ဦး၊ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – CNDF တပ်ဖွဲ့၀င် ငါးဦး၊ ကလေးခရိုင် အထူးတပ်ရင်း (SR) တပ်ဖွဲ့ဝင် တစ်ဦးနဲ့ ကလေးဒေသ ရိန်းဂျားတပ် – RKDF တပ်ဖွဲ့၀င် တစ်ဦးတို့ ဖြစ်ပါတယ်။

တော်လှန်ရေး ရဲဘော် ကိုးဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့၀င်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကလေးမြို့ပေါ်ကနေ တိုက်ပွဲဖြစ်ရာ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းတာကြောင့် နိုဝင်ဘာဘာ(၃)ရက်ကနေ (၇)ရက်အထိ ငါးရက်အတွင်း ဒေသခံအရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေဟာ ဥယျာဉ်ရွာက အမျိုးသားတစ်ဦး၊ လက်ပံချောင်းရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး၊ မောက်လင်းရွာက အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ကလေးမြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ လူအင်အားတိုးချတာ အပါအ၀င် မြို့ပေါ် ရပ်ကွက်နဲ့ လမ်းတွေပေါ်မှာ အစစ်အဆေး ကြမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့် – MNDAA၊ တအာင်း – TNLA နဲ့ ရက္ခိုင် – AA တို့က စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ (၂၇)ရက်မှာ စတင်ပြီးနောက် နိုင်ငံတဝန်းမှာ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ မြို့သိမ်းတိုက်ပွဲ၊ စခန်းတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *