ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗုံးနှင့်လက်နက်ကြီးပေါက်ကွဲမှု နှစ်ရက်ဆက်ဖြစ်ပေါ်ခဲ့သည့်အတွက် စစ်ကောင်စီ တပ်မှ ခံစစ်အနေအထားကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းရင်းမြစ် များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၅ ရက် နှင့် ၆ ရက်) ၊ ည၈ နာရီခန့်တွင် မြစ်ကြီးနားမြို့ပေါ်၌ လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ မနေ့ည (နိုဝင်ဘာ ၆ ရက်) က ၈နာရီလောက် ကမ်းနားလမ်း၊ ဝန်ကြီးတွေနေတဲ့ တန်းလျားဘက်မှာ ပေါက်ကွဲသံ တစ်ချက်ကြားရတယ်။ အထိအခိုက်တော့ မသိဘူး” ဟု မြစ်ဆိပ်အနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၅ ရက်နေ့၌လည်း ဒူကထောင်နှင့် ဂျာမိုင်းကောင်းရပ်ကွက်အနီး၊ မြို့သစ်ကြီးရပ်ကွက်၌ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ အသံမိုင်းလို့တော့ ပြောနေကြတယ်။ လူအထိအခိုက်ကတော့ မရှိပါဘူး။ မြို့ထဲလည်း ပုံမှန်အခြေအနေပါပဲ” ဟု မြို့သစ်ကြီးရပ်ကွက်၌ နေထိုင်သည် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှု့များကြောင့် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အနီးဝန်ကျင်၌ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိကြောင်း သိရသည်။
“ မပခ အတွင်းမှာက လေဆိပ်ရှိတယ်။ တပ်ထဲမှာလည်း ကတုတ်ကျင်းတွေတူးနေကြတာ၊ မြို့တွေလည်းသိမ်းနေတော့ ကြောက်အားလန့်အားနဲ့ပေါ့၊ အရင်စက်တင်ဘာလတုန်းကလည်း ရှော့တိုက်ဒုံးနဲ့ လေတပ်ကို အပစ်ခံထားရတော့ ပိုကြောက်နေကြတာ” ဟု မပခ မှ တပ်တွင်းအရာရှိတစ်ဦးက MPA သို့ အတည်ပြု ပြောသည်။
“ အခု အဲ့ဒီ မပခ လမ်းအဝင်အထွက်ကို လုံခြုံရေးတင်းကျပ်နေတယ်။ မပခ နောက်လမ်းကနေ အဝေးပြေးကား တွေပတ်ရတာ။ အရင်ရက်က အဲဒီ့နားကဖြတ်တော့ ခါတိုင်းမရှိတဲ့ အစောင့်တွေပါ နောက်လမ်းမှာ ချထားကြတယ်” ဟု မြစ်ကြီးနားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်ကောင်စီ အထိုင်စခန်းများကို သိမ်းပိုက်ကာ ထိုးစစ်ဆင်နေသည့်အတွက် စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။