ဟုမ္မလင်းမှာလည်း စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနေ(ရုပ်သံ)

ဟုမ္မလင်းမှာလည်း စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနေ၊

နောင်ပိုအောင်နဲ့ လွှစင်ကုန်းက စစ်အုပ်စုနဲ့ SNA-ရှမ်းနီ ပူးပေါင်းအဖွဲ့ စခန်းနှစ်ခုကို သိမ်းပြီး၊

ဟုမ္မလင်းနယ်ကို လွှမ်းမိုးနိုင်ဖို့ စစ်ရေးဗျူဟာ ကျတဲ့ စခန်းကုန်းတစ်ခုသာ သိမ်းဖို့ကျန်၊

သက်တန့်/ MFP ၊ နိုဝင်ဘာ – ၈

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အရှေ့ဘက်တောင်ဘက် ရွှေမှော်ဒေသလို့ လူသိများတဲ့ နောင်ပိုအောင် ကျေးရွာအနီးက လွှစင်ကုန်းရှိ စစ်အုပ်စုနဲ့ SNA (ရှမ်းနီ) ပူးပေါင်းအဖွဲ့တွေ အထိုင်ချထားတဲ့ စခန်းတွေကို တော်လှန်ရေး အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစာရာမှာ နှစ်နေရာ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကုန်း တစ်ခုသာ ထပ်သိမ်းဖို့ ကျန်တော့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – HPDF တပ်ဖွဲ့က ပြောပါတယ်။

ဟုမ္မလင်းနယ် လွှစင်ကုန်းနဲ့ နောင်ပိုင်အောင်ရွာမှာ ရှိတဲ့ စစ်အုပ်စုနဲ့ SNA စခန်းတွေကို နိုဝင်ဘာ (၂)ရက်က စတင်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ SNA အဖွဲ့ဟာ လွှစင်ကုန်းရွာထိပ်က နေအိမ်တွေမှာ အထိုင်ချထားသလို၊ စားသင်ကျောင်းနဲ့ တောင်ကုန်းပေါ်က ဘုန်းကြီးကျောင်း စတဲ့ နေရာသုံးခုမှာ အခိုင်အမာ အထိုင်ချထားပြီး လက်ရှိမှာ ဘုန်းကြီးကျောင်း အထိုင်စခန်းကိုသာ သိမ်းယူဖို့ ကျန်တော့ပြီး ကျန်စခန်းနှစ်ခုကို အားလုံးသိမ်းထားနိုင်ပြီ ဖြစ်တယ်လို့ ဟုမ္မလင်းမြို့နယ် HPDF ပြန်ကြားရေးတာဝန်ခံ ကိုချာလီက MFP ကို ပြောပါတယ်။

“လွှစင်ကုန်းရွာက မြေပြန့်ရယ်၊ ရွာအလယ် ဘုန်းကြီးကျောင်း တည်ထားတဲ့ နေရာကျတော့ ကုန်းပေါ်မှာ တည်ထားတာ။ အဲဒီ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ။ သူတို့ဘက်က စိုးမိုးကုန်း အနေအထား ဖြစ်နေတော့ ကျနော်တို့ဘက်က အဲဒါကို အခု အဲဒီကုန်းကို ရဖို့ အသည်းအသန် ကြိုးစားနေကြတယ်။ အဲဒီကုန်း တစ်ခုပဲ ကျန်တော့တယ်။ အဲဒါကလည်း ရွာလယ် တည့်တည့်မှာ ရှိတယ်။ ရွာကုန်းတစ်ကုန်းပဲ ကျန်တော့တယ်။ အဲဒီကုန်းကို တိုက်နေကြတာ။ ကျနော်တို့က အဲဒီရွာ ပတ်ပတ်လည်ကို အရင်နေ့ကတည်းက ဟိုဘက်ရွာထိပ်ရော၊ ဒီဘက် နောင်ပိုအောင်ဘက် အစပ်ရော အားလုံးကို ကျနော်တို့က ဝိုင်းထားပြီးသား။ ကျနော်တို့က အဲဒီကုန်းကို မရမချင်း တိုက်မှာ။ မရမချင်းသိမ်းမှာ”

ဒီကနေ့ နိုဝင်ဘာ(၈)ရက် မနက်(၉)နာရီ ဝန်းကျင်မှာ လွှစင်ကုန်းရွာမှာ အထိနာနေတဲ့ စစ်အုပ်စုနဲ့ SNA အဖွဲ့တွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူ ပေးခဲ့ပြီး ဗုံးနှစ်လုံး ကျဲချသွားတယ်လို့ ကိုချာလီက ဆိုပါတယ်။

လွှစင်ကုန်းရွာက ဘုန်းကြီးကျောင်း အထိုင်စခန်းဟာ ဟုမ္မလင်း တစ်မြို့နယ်လုံးအတွက် စစ်ရေးဗျူဟာအရ အရေးပါဆုံး နေရာတစ်ခုဖြစ်ပြီး လွှစင်ကုန်းကို အလုံးစုံ သိမ်းပိုက်နိုင်ရင် ဘေးပတ်ဝန်ကျင်က စခန်းတွေ အားလုံးကို ထိန်းချုပ်ပြီးသား ဖြစ်သွားမှာ ဖြစ်တယ်လို့ ကိုချာလီက ရှင်းပြပါတယ်။

“လွှစင်ကုန်းကို ရလို့ရှိရင် နောင်ပိုအောင်ကို အလိုအလျှောက် ရသလိုဖြစ်သွားပြီ။ ဘာလို့တုန်းဆိုတော့ လွှစင်ကုန်းကကျတော့ လွှစင်ကုန်းနဲ့ နောင်ပိုအောင်ဆိုတာက တစ်ဆက်တည်းဗျာ။ ကြားထဲမှာ မျက်စိနဲ့ လူကို လှမ်းမြင်လို့ရတယ်။ နောင်ပိုအောင်ရွာရဲ့ ထိပ်ဆုံးကလည်း ရဲစခန်း၊ ကျနော်တို့ အချိန်မရွေးသွားပြီး တိုက်ခိုက်လို့ရတဲ့ နေရာတွေပေါ့။ လွှစင်ကုန်းကို ကျနော်တို့က ရပြီးသွားရင် ကျနော်တို့က အသာစီး ရသွားမယ့် အနေအထား ဖြစ်သွားမှာ။ ဟုမ္မလင်းကို သွားချင်တယ် ဆိုလို့ရှိရင်လည်း လွှစင်ကုန်းကနေ လမ်းတွေရှိတယ်။ ဟုမ္မလင်းကို တိုက်ခိုက်မယ် ဆိုလို့ရှိရင်လည်း။ ဗျူဟာအရ လွှစင်ကုန်းက အရေးပါတဲ့နေရာ။ စစ်ကောင်စီ ဘက်ကလည်း သူတို့ အဲဒီနေရာကို လုံးဝ မပေးချင်ဘူး”

လွှစင်ကုန်းရွာနဲ့ ကပ်လျက်မှာရှိတဲ့ နောင်ပိုအောင်မှာ ဆိုရင်လည်း စစ်အုပ်စုနဲ့ SNA အဖွဲ့ဟာ ဆေးရုံနဲ့ ရဲစခန်းမှာ အထိုင်ချထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ လွှစင်ကုန်းရွာ စခန်းသိမ်း တိုက်ပွဲမှ စစ်အုပ်စု အထိနာ အသေများနေတာကြောင့် လေကြောင်းနဲ့ မကြာခဏ ဆိုသလို ဗုံးကျဲပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *