ပုလဲကနေ ယင်းမာပင်ကိုလာတဲ့ ခြေလျင်စစ်ကြောင်းမင်းဂွတ်သီးနဲ့ဧည့်ခံ(ရုပ်သံ)

ပုလဲကနေ ယင်းမာပင်ကိုလာတဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်

မဲခေါင်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကနေ ယင်းမာပင်မြို့နယ်ကို လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ ရှေ့ပြေးပွိုင့် ခြေလျင်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့၊ မနက်ပိုင်းမှာ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာ အနီး စစ်တပ်ရှေ့ပြေးပွိုင့်ကို မိုင်းဆွဲ တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း (၃) က တာဝန်ခံက ပြောပါတယ်။

“မိုင်းဆွဲ တိုက်ခိုက်ပြီးတဲ့ အချိန်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ တိုက်ပွဲကြာချိန်က နာရီဝက်လောက် ကြာမယ်လို့ ခန့်မှန်းပါတယ်” လို့ သူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က တပ်သား ၂ ဦးထပ်မနည်း သေဆုံးကာ အထိအခိုက်များပြားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ တိုက်ပွဲကို ABSDF အမှတ် (၁၄) တပ်ရင်းနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် နောက်မှာ ကျန်နေတဲ့ စစ်ကောင်စီယာဉ်တန်းက လက်တောင်းငယ်ရွာထဲ ဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ ဝန်းကျင် ပျက်စီးဆုံးရှုံးပြီး နွား ၃ ကောင်နဲ့ ဆိတ်ခြံထဲက ဆိတ်တွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်း၀င်တဲ့ သတင်းရကတည်းက လက်တောင်းငယ်ကျေးရွာထဲက ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင် နေကြလို့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက် မီးငြိမ်းသတ် ပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ စစ်ကြောင်းဟာ လက်တောင်းငယ်ကျေးရွာထဲက ထွက်ပြီး ယင်းမာပင်မြို့ဘက်ကို ပြန်ဝင်သွားပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလ အထိ ၁၀ လ အတွင်း နိုင်ငံအနှံ့အပြားက နေအိမ်ပေါင်း ၂,၈၀၀၀ နီးပါး မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *