ဒီနေ့ကတော့အညာအခွင် သတင်းထူးတွေပဲ

ကနီမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာတွင်လည်း တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းအားလုံးကို ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၆ ရက် နံနက် ၄ နာရီခွဲခန့်က ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်စွဲ ထားရာ ထွေအုပ်ရုံး၊ ရွှေစည်းခုံစစ်တပ်ကုန်း၊ ရဲစခန်း၊ ဘဏ်စသည့် အထိုင်ချနေရာများကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်အကြာ စီးနင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထိုသို့ စီးနင်းနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ အခိုင်အမာတည်ဆောက်ထား မှုကို ကျော်ဖြတ်နိုင်ခြင်းမရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တစ်မြို့လုံးကို ဝင်စီးနိုင်ခဲ့တာဗျ၊ ရွှေစည်ခုံး၊ ဘဏ်၊ ထွေအုပ်ရုံး၊ ရဲစခန်း သူတို့အထိုင်နေရာတွေကို ဝင်တိုက်တာ၊ ကိုယ့်ဘက်က ရဲဘော်တွေ စစ်ရေးအတွေ့အကြုံနည်းမှု၊ ရန်သူရဲ့ ပြင်ထားမှုတွေ ကြောင့် ပြန်ဆုတ်ခဲ့ရတာ၊ ရန်သူ့ဘက်က ကျဆုံးမှုက ၄ ဦးထက်များနိုင်တယ်၊ သူတို့နေရာ ကျုံသွားတာပေါ့၊ အကုန်စုနေတော့၊” ဟု အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသခရိုင်ရုံး၏ ကွက်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၃၀ – ADPRA နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာမြို့နယ်၊ ခိုသန်းကျေးရွာအနီးတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက်လသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၉ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ ထွက် လာသော အင်အား ၂၇ ဦးပါစစ်ကြောင်းကို ခိုသန်းရွာအနီးရောက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ကစဉ့်ကလျားထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက်မှ တပ်ကြပ်ကြီး အောင်ဝင်းကို MA 11 မောင်းပြန် သေနတ် တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

“ADPRA က ရပ်ရွာကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းထားတဲ့အဖွဲ့ကနေ တိုက်တယ်ပေါ့နော်၊ တိုက်တော့ ဖမ်းမိတဲ့ တပ်ကြပ်ကြီးထွက်ပြေးလာတာ၊ လှည့်ကင်းလှည့်နေတဲ့အဖွဲ့နဲ့အရင်းတိုးပြီးတော့ ကျနော်တို့ ပြန်ပစ်တယ်၊ ပစ်တော့ ပြန်ပစ်မယ်လုပ်တဲ့အချိန်မှာ သူ့သေနတ်က ကျည်ညှပ်သွားတယ်ထင်တယ်၊ အဲ ဒီအချိန်မှာပဲ အလင်းဝင်မယ်၊ အညံ့ခံမယ်ဆိုတော့ ဖမ်းဆီးလိုက်တာ၊ သူ့ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ မြို့နယ် ပကဖ၊ ပအဖ ဆီကို အပ်ထားပြီးသွားပါပြီ၊ တိုက်ပွဲဖြစ်တယ်၊ တပ်ကြပ်ကြီး တစ်ဦး ဖမ်းမိတာပဲ အတည်ပြုနိုင်တယ်၊ ကျန်တာတော့ အတည်မပြုနိုင်ပါဘူးဗျ” ဟု အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးရရှိသူ တပ်ကြပ်ကြီးအောင်ဝင်းသည် မုံရွာအခြေစိုက် အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်း တပ်ခွဲ မှ ဖြစ်ပြီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) နှင့် ဒေသကာကွယ်ရေးအဖွဲ့ ပကဖတို့ ကင်းလှည့်နေစဉ် မုံရွာမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးမှ ည ၉ နာရီ အချိန်ခန့်တွင် တွေ့ရှိ ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ကြပ်ကြီး အောင်ဝင်းကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီထားရှိကာ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းထံသို့ ပို့ဆောင် အပ်နှံထားကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *