ကောလင်းဘက် တက်လာတဲ့ စခအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ (၈၀)လောက်မြေဩဇာဖြစ်

ကောလင်းဘက် တက်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ (၈၀)သေပြီး လက်နက် (၅၉)လက် ရကြောင်း NUG အတည်ပြု၊

MN/MFP ၊ နိုဝင်ဘာ – ၁၀

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကနေ ကောလင်းမြို့ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား (၂၀၀)ကျော်ပါ စစ်အုပ်စုကို ဒီမနက်ပိုင်း ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု (၈၀) သေပြီး (၂၀)ခန့် ဒဏ်ရာရကာ လက်နက် (၅၉)လက် သိမ်းဆည်း ရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်ပါတယ်။

“နိုဝင်ဘာ(၈) ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို နိုဝင်ဘာ(၁၀)ရက်၊ နံနက် (၈)နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်၊နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းကာ ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့ တပ်သား (၈၀)ဦးကျော် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ရန်သူ့တပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MoD က ဆိုပါတယ်။

စစ်အုပ်စု စစ်ကြောင်း တပ်ပျက်ကာ အများစုက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကန့်ဘလူနယ် သတင်းတွေ တင်ဆက်နေတဲ့ Infinity Group က ဆိုပါတယ်။

“အထိုင်စခန်းကို သွားပြီးတော့ တိုက်ခိုက်တာတော့ မဟုတ်ပါဘူး။ ကောလင်းဘက်ကို သွားတဲ့ အင်အား (၃၀၀)ပါတဲ့ စစ်ကြောင်းပေါ့။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လမ်းက နေပြီးတော့ ကြားဖြတ် တိုက်ခိုက်လိုက်တာ။ သေတဲ့အထဲမှာ ပျူတွေ အများဆုံး သေတာပါ။ (စခ)တွေရော ပျူတွေရောဆို အားလုံး (၁၀၀)လောက် ရှိလိမ့်မယ် သေတာက။ ထွက်ပြေးကြသူတွေလည်း အများကြီး” လို့ Infinity Group က MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲဟာ ဒီမနက်(၅)နာရီလောက်ကနေ (၁၀)နာရီလောက်အထိ ကြာမြင့်ပြီး စစ်အုပ်စုတွေ တပ်ပျက်ကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“မနက်အစောပိုင်း (၅)နာရီလောက် ကတည်းက ဒီဘက်ထိုးလာတဲ့ ခွေးစစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်နေတာ။ (၁၀)နာရီလောက်မှ တိုက်ပွဲ နားသွားတယ်။ သေတဲ့ကောင်တွေ အများကြီးပဲ။ ပြေးမိပြေးရာ ထွက်ပြေးသွားတဲ့ကောင်တွေလည်း အများကြီး။ လက်နက်တွေလည်း အများကြီးပဲ ရတယ်။ အားရစရာကြီး အကိုရေ” လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောကြောင်း Infinity Group က ဖော်ပြပါတယ်။

လက်ရှိ အခြေအနေအရ ကန့်ဘလူနယ် မြောင်ခြမ်းမှာ နယ်မြေ မတည်ငြိမ်သေးဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နိုင်သလို စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာနိုင်လို့ ပြည်သူတွေ သတိထားကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကန့်ဘလူမြို့ (၆၀၀၆) တင့်ကားတပ်ရင်းမှာ ရှိနေတဲ့ (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဥ်ဟာ ထီးချိုင့်မြို့သိမ်း မခံရဖို့ ကန့်ဘလူနဲ့ ထီးချိုင့်ကို ခေါက်တုန့်ခေါက်ပြန် သွားရောက်ကာ စစ်ကူပေး ပစ်ခတ်နေရတယ်လို့လည်း Infinity Group က ဖော်ပြပါတယ်။

ဒီမနက်ပိုင်း ကန့်ဘလူမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

ဒီမနက် ကန့်ဘလူနယ် တိုက်ပွဲမှာ တော်လှန်ရေး တပ်တွေက သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်တွေ/Photo – Infinity Group, NUG

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *