စစ်ကိုင်းမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စခ၃၀ဦးထက်မနည်း မြေဩဇာဖြစ်

စစ်ကိုင်းမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စလင်းမြို့နယ်၊ ကျွဲဦးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၂၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မနေ့က မနက်မှာ တိုက်ပွဲဖြစ်တာပါ။ အဲစာရင်းက အလောင်းသယ်တာကို အတည်ပြုထားတာတင်ရှိသေးတာပါ။ အလောင်းတွေကို ဖောကားနှစ်စီး နာရေးကားတစ်စီးနဲ့ပြန်သယ်သွားကြတယ်။ နောက်ထပ်သေချင်သေးရင် တက်ခဲ့ပါလို့ပဲ ပြောချင်ပါတယ်” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊အမှတ် ၂ တပ်ရင်းနှင့် SLN-LPDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကား ၂ စီးပါ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နယ်စီးမခြား စစ်ကိုင်းသားများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက် ညနေ ၅နာရီဝန်ကျင်တွင် စစ်ကိုင်းမြို့နယ် တပ်မ ၃၃ မှ ဆား‌တောင်ရဲစခန်းကို ဦးတည်ထွက်ခွာလာသော စစ်ကား ၂ စီးကို ကျော်ဇေယျာနှင့် ချိုင့်ကြီး အကြား တွင် တော်လှန်ရေး တပ်ဖွဲ့များက ပွိုင့် ၃ ပွိုင့် ဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ စစ်ကား ၁ စီးပျက်စီးပြီး ထိခိုက်မှု ရှိနိုင်ကြောင်း သေဆုံးရှိကြောင်းသိရသည်။

ထို့ပြင် ည ၁၀ နာရီခန့်တွင် ပျက်စီးသွားသော ကားကို ပြန်လည်ပြုပြင်ပြီး စစ်ကိုင်းကိုပြန်ထွက်ခွာလာစဥ် သစ်ချိုကုန်း နှင့် ရုံပင်ကန် အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပွိုင့် ၃ ပွိုင့်ဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ကားမှာ တိမ်းမှောက်သွားပြီး ထပ်မံ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – အုန်းတော – ညောင်ပင်ဝန်း – မြင်းမူ လမ်းပိုင်းရှိ နတ်ခရိုင်ကျေးရွာနှင့် နုန်းတွင်း ကျေးရွာအကြားတွင် အင်အားအပြည့်ဖြင့်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Defense Force အဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပထမ ကားမှာ ထိမှန်ပျက်စီးခဲ့ပြီး ဒုတိယ ကားပေါ်ရှိ စစ်သားများက စက်လက်ဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများထဲမှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Defense Force နှင့် စုပေါင်း မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *