ကနီနယ် ချင်းတွင်းမြစ်ထဲမှာ လေးရက်အတွင်း စခအုပ်စု သင်္ဘော ကိုးစီး သိမ်းပိုက်ရရှိ(ရုပ်သံ)

ကနီနယ် ချင်းတွင်းမြစ်ထဲမှာ လေးရက်အတွင်း စစ်အုပ်စု သင်္ဘော ကိုးစီး သိမ်းပိုက်ရရှိ

နိုဝင်ဘာ – ၁၁

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်အုပ်စုရဲ့ ရေယာဉ်၊ သင်္ဘော ကိုးစီးအထိ သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ(၆)ရက်ကနေ (၉)ရက်အထိ လေးရက်အထိ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော၊ ရေယာဉ် ကိုးစီးအထိ သိမ်းပိုက်နိုင်တာ ဖြစ်ပြီး အဲ့ဒီ သင်္ဘောတွေပေါ်ကနေ ဒီဇယ်ပီပါ အလုံး(၁၀၀)ခန့်၊ ကားသုံးစီး၊ ဆိုင်ကယ်ငါးစီး၊ စက်ဘီးတစ်စီး၊ သစ်လုံးရေ (၂၀၀)ဝန်းကျင်နဲ့ မြင်းနဲ့ နွားတွေလည်း သိမ်းပိုက် ရရှိတယ်လို့ ဆိုပါတယ်။

ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းဘက်က စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ နိုဝင်ဘာ(၂)ရက်မှာ ကနီမြို့နယ်အတွင်း ရောက်ရှိလာပြီး အဲ့ဒီ ရေယာဉ်သင်္ဘောတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက အလွတ်မပေးဘဲ တိုက်ခိုက်ရာမှာ နိုဝင်ဘာ(၆)ရက်ကနေ (၉)ရက်အထိ လေးရက်အတွင်း သင်္ဘော ကိုးစီးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်တွင်း စစ်အုပ်စုရဲ့ ထောက်ပို့သင်္ဘော ကိုးစီးကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက် သိမ်းပိုက်နိုင်တဲ့ ဖြစ်စဉ်ကို ကျောက်လုံးကြီး KLG မဟာမိတ်တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုအေတီက အခုလို ပြောပါတယ်။

“(နိုဝင်ဘာ) (၄)ရက်နေ့က ကနီကနေ ပြီးတော့ စုန်လာတဲ့ စကစ ထောက်ပို့ (သင်္ဘော) ကိုးစီးက ကနီမြို့နယ်ဘက် ချင်းတွင်းမြစ် တစ်နေရာမှာ သောင်တင်နေတာဗျ။ (၆)ရက်နေ့မှာ ကျနော်တို့ အဖွဲ့နဲ့ တခြား မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်တာ ထောက်ပို့ သင်္ဘော နှစ်စီးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်။ အဲပေါ်မှာကတော့ ပစ္စည်း များများစားစား မပါဘူး။ ပထမ နှစ်စီးမှာတော့ မြင်းနဲ့ နွားလေးတစ်ကောင်ပဲ ပါတယ်။ (၇)ရက်နေ့မှာ မုံရွာကနေ တပ်ကူနှစ်စီးနဲ့ လာတယ်။ အင်အား(၅၀)ဝန်းကျင်လောက် တက်လာတယ်။ တောက်လျှောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ စခတွေဘက်က ခေါင်းထွက်ရင်လည်း စနိုက်ပါနဲ့ ခေါင်းပစ်တယ်။ လက်ထွက်ရင်လည်း လက်ကို ပစ်တယ်။ သောင်တင်နေတဲ့ သင်္ဘောကို မဆွဲနိုင်တော့ဘဲနဲ့ သောင်တင်နေတဲ့ သင်္ဘောပေါ်က စခတွေကို (၈)ရက်နေ့မှာ ပြန်ခေါ်သွားတယ်ဗျ။ အဲဒီမှာ ကျနော်တို့ မဟာမိတ်အဖွဲ့တွေ နောက်ထပ်ကျန်တဲ့ သင်္ဘော ခုနှစ်စီးကို အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်”

တိုက်ခိုက်သိမ်းပိုက် ရရှိတဲ့ စစ်အုပ်စု သင်္ဘောကိုးစီးထဲမှာ အဆင့်သုံးဆင့်ပါတဲ့ သင်္ဘောသုံးစီးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ သင်္ဘောတွေပေါ်ကနေ ဒီဇယ်ပီပါ အလုံး(၁၀၀)ခန့်၊ သစ်လုံးရေ (၂၀၀)ဝန်းကျင်၊ ခိုးရာပါ ကားသုံးစီး၊ ဆိုင်ကယ်ငါးစီး၊ စက်ဘီးတစ်စီး စတဲ့ အရာတွေအပြင် မြင်းနဲ့ နွားတွေကိုလည်း သိမ်းပိုက် ရရှိခဲ့ပါတယ်။

စစ်အုပ်စု သင်္ဘော ကိုးစီး တိုက်ခိုက်သိမ်းပိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ KLG PDF (ကျောက်လုံးကြီး) တပ်ဖွဲ့က ဦးဆောင်ပြီး ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊ KGအဖွဲ့၊ ဘိုးတော်နီအဖွဲ့နဲ့ ဒေသခံ ပကဖတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *