ရခိုင်ပြည်သူများ ဗုံးခိုကျင်းများ တူးထားကြရန် AA တာဝန်ရှိသူများ ညွှန်ကြားထား

စစ်ဖြစ်လာနိုင်၍ ရခိုင်ပြည်သူများ ဗုံးခိုကျင်းများ တူးထားကြရန် AA တာဝန်ရှိသူများ ညွှန်ကြားထား

နိုဝင်ဘာလ ၁၁ ရက်

ရှမ်းမြောက်နှင့် စစ်ကိုင်းက စစ်ဆင်ရေးများ ရခိုင်သို့ ကူးစက်လာနိုင်ပြီး မြန်မာစစ်တပ်နှင့် စစ်ဖြစ်ပွားနိုင်ခြေရှိ၍ ရခိုင်ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် AA အောက်ခြေ တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်အတွင်း AA တပ်ဖွဲ့ တပ်ရင်းများမှ တာဝန်ရှိသူများက အထက်က ညွှန်ကြားချက်အရဟုဆိုကာ ဒေသခံပြည်သူများကို ဗုံးခိုကျင်းများတူးထားကြရန် ညွှန်ကြားနေသည်ဟု သတင်းရင်းများက ပြောသည်။

ပုဏ္ဏားကျွန်း သတင်းရင်းမြစ်တစ်ဦးက “ကျနော်တို့ဒေသမှာရှိတဲ့ AA တပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေက ဗုံးခိုကျင်းတူးဖို့ အသိပေးလာတာရှိပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်ကတည်းက အသိပေးနေတာပါ။ တူးထားတဲ့သူတွေလည်းရှိတယ်။ မတူးရသေးတဲ့သူတွေလည်းရှိပါတယ်။ တချို့ကတော့ ဘေးကင်းနိုင်ဖို့ နေရာတွေကို ပြောင်းရွှေ့နေတာရှိပါတယ်” ဟု ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့တွင် ကုန်ခဲ့သည့် လကစ၍ ဗုံးခိုကျင်းများ တူးနေကြပြီး ယခုရက်ပိုင်းအတွင်း AA တပ်ဖွဲ့ဝင်တွေက တရားဝင်အသိပေးလာ၍ ဒေသခံပြည်သူများမှာ ဗုံးခိုကျင်းများကို မဖြစ်မနေ တူးနေကြကြောင်း စုံစမ်းသိရသည်။

မင်းပြားဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ကျနော်တို့မြို့နယ်မှာလည်း AA တပ်ဖွဲ့ဝင်တွေက ဗုံးခိုကျင်းတူးဖို့ အသိပေးနေတာရှိပါတယ်။ ပြည်သူတွေကတော့ လိုက်နာပြီးတော့ အဆင်ပြေတဲ့နေရာတွေမှာ တူးနေကြပါတယ်။ တချို့က အိမ်အောက်မှာ တူးနေသလို တချို့က အိမ်နဲ့ မလှမ်းမဝေးမှာ တူးနေကြပါတယ်။ အဓိကတော့ နယ်ဘက်တွေမှာ တူးနေကြတာပါ။ မြို့ပေါ်မှာတော့ ဗန်ကာလိုပုံစံမျိုး လုပ်ထားကြပါတယ်” ဟု ပြောသည်။

စစ်အာဏာစနစ်အမြစ်ရေးအတွက် ရှမ်းမြောက်နှင့် စစ်ကိုင်းတွင် စစ်ဆင်ရေးများ ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့က တိုက်ပွဲများဖြစ်ရန် ရခိုင်သို့ ကူးစက်နေပြီဟု သတိပေးပြီးနောက် ဒေသခံပြည်သူများမှာ စိုးရိမ်ထိလန့်မှုများရှိနေကြသည်။

ရခိုင်ပြည်သူများ ဗုံးခိုကျင်းများတူးထားကြရန် သတိပေးခြင်းမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်က တပ်ဖွဲ့၊ တပ်ရင်းများကို သေသေချာချာ မှာကြားနေကြောင်း အမည်မလိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ဗိုလ်ချုပ်ကိုယ်တိုင်က သေချာညွှန်ကြားနေတာ။ စစ်ပွဲက အချိန်မရွေးဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ မှာကြားနေတာ။ AA နဲ့နီးစပ်သူတွေ၊ AA ထဲမှာရှိနေတဲ့ တပ်သားတွေနဲ့ တော်စပ်တဲ့ မိသားစုဝင်တွေ ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ဖို့ သတိပေးနေတာလည်းရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ဦး၊ အမ်းတို့တွင် စစ်ကောင်စီနှင့် AA တို့သည် တပ်ဖွဲ့ဝင်များကို အပြန်အလှန်ဖမ်းဆီးခြင်းများရှိနေပြီး ကုန်ခဲ့သည့် လအနည်းငယ်ကလည်း ကျောက်ဖြူမြို့နယ်တွင် AA အုပ်ချုပ်ရေးအဖွဲ့ဝင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့၍ AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးမှုရှိခဲ့သည်။

AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့ကလည်း ရခိုင်ပြည်တွင် စစ်ကောင်စီတပ်များသည် စစ်ရေးလှုပ်ရှားမှုကို အရှိန်ပြင်းပြင်းဆောင်ရွက်နေကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များသည် ရခိုင်ပြည်အတွင်း တပ်စခန်းများ တိုးချဲ့ခြင်း၊ ကုန်လမ်း၊ ရေလမ်းတို့တွင် ယခင်ကထက် စစ်ဆေးမှု တင်းကျပ်လားခြင်းနှင့် အထူးသဖြင့် AA အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ULA မှ တာဝန်ရှိသူများကို ဖမ်းဆီးနိုင်ရေးကို ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်တွင် AA က တိုက်ပွဲများ ဖော်ဆောင်သော်လည်း ရှမ်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့တွင် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေ၍ စစ်ကောင်စီသည် ရခိုင်မှာ စစ်မဖြစ်ရေး တားဆီမည်ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုထားသည်။

သို့သော် ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ရှမ်းမြောက်တိုက်ပွဲကြောင့် အငြိုးထားကာ ရခိုင်ပြည်သူများအား နှောင့်ယှက်လာနိုင်ပြီး AA နှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်ထားသည်။

မြန်မာစစ်တပ်နှင့် AA တို့၏ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် ထိရှလွယ်သော ရပ်စဲဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်တင်းမာနေကာ တိုက်ပွဲများ ဖြစ်လုနီးနီး ရှိနေသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများမှာ သွားရေး၊ လာရေးကို အထူးဂရုစိုက်နေကြပြီး အရေးကြီးလုပ်ငန်းများမှလွဲ၍ နယ်ဝေခရီးများကို ပိတ်ပင်ထားကြကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *