သိမ်းပိုက်ရရှိသည့် နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များမှ ပြည်သူ့အပ်ငွေများ ပြန်လည်ရရှိရေးဆောင်ရွက်ပေးမည်ဟု NUGကြားကာလဗဟိုဘဏ် ကြေညာ
စောနွေဦး/People’s Spring
တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် နယ်မြေအတွင်းရှိ ပုဂ္ဂလိဘဏ်များမှ ပြည်သူအပ်နှံငွေများပြန်လည်ရရှိရေး ဆောင်ရွက်ပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကြားကာလဗဟိုဘဏ်က ယနေ့ထုတ်ပြန်လိုက်သည်။
ထိုသို့ဆောင်ရွက်ရန်အတွက်လည်း NUGကြားကာလဗဟိုဘဏ်အနေဖြင့် လုပ်ငန်းစီမံချက်ချကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သိမ်းပိုက်ရရှိသည့် နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များ ပရိဝဏ်၊ အဆောက်အုံ၊ဘဏ်ဝန်ထမ်းများ၊ ဘဏ်အတွင်းရှိငွေသား၊ ဘဏ်ငွေတိုက်ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ အပေါင်စာရွက်များ၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကရိယာများ၊ ရုံးသုံး ဆော့ဝဲများနှင့် Hardwareများကို ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်အသေးစိပ်ကို ထုတ်ပြန်ထားပြီး အထူးကြပ်မတ်ထားသည်ဟုလည်း အသိပေးထားသည်။
အရှိန်အဟုန်မြှင့်ခဲ့သည့် နွေဦးတော်လှန်ရေးအောင်ပွဲများနှင့်အတူ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်
အထည်ဖော်သည့် ဒေသများတွင် ပုဂ္ဂလိကဘဏ်များ၌ အပ်နှံထားသည့် ငွေများကို ပြည်သူများ မဆုံးရှုံးစေရန် NUGကြားကာလဗဟိုဘဏ်အနေဖြင့် အချိန်နှင့်တစ်ပြေးညီစီမံဆောင်ရွက်နေသည်ဟု ဆိုသည်။
“ဒီလို ထုတ်ပြန်ထားတာ ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ ပြည်သူတွေလည်း ယုံကြည်မှုပိုရစေတယ်။ ”ဟုပုဂ္ဂလိကဘဏ်တစ်ဘဏ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။
မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စခန်းသိမ်း၊နယ်မြေသိမ်းတိုက်ပွဲများတွင် ပုဂ္ဂလိကဘဏ်များသည် စစ်ရေးပစ်မှတ်မဟုတ်၍ ဦးတည်တိုက်ခိုက်ခြင်းမျိုုးမရှိကြောင်း နှင့် ဖောက်ထွင်းခိုးယူမခံရရန်ပင် အကာအကွယ်ပေးရသည်ဟု ၎င်းကဆိုသည်။
(NUG ကြားကာလ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်)
ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က စာရင်း မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း ကြားကာလ ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန် ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်းစနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား လက်ခံသိမ်းဆည်းရရှိထားကြောင်း ၊ယင်းနောက် ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်သို့ အပ်နှံထားပြီး ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိကြောင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာသည်။