ဘပုမွဲနေပီး ဂုတ်သွေးစုတ်နည်းမိုးစုံနဲ့ဘတ်ဂျတ်ရှာနေပီး

သင်္ဃန်းကျွန်းကရပ်ကွက်တချို့မှာ စက်ဘီးရှိတဲ့အိမ်တွေစာရင်းကောက်ပြီး တစီး တလတထောင်ကောက်

နိုဝင်ဘာ ၁၃

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စက်ဘီးရှိတဲ့ အိမ် တွေကို စာရင်းလိုက်ကောက်ပြီး စက်ဘီး တစီးကို တလကျပ်တထောင်အခွန်ဆောင်ခိုင်းနေတယ်လို့အဲ့ဒီမြို့နယ် မှာနေထိုင်သူတွေက DNAကိုပြောပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက တအိမ်တက်ဆင်း စာရင်းလိုက်ကောက်နေတာဖြစ်ပြီး ဘထ္တရီဘီး၊ မော်တာဘီးအပြင် ရိုးရိုးစက်ဘီးတွေပါစာရင်းပေးရတယ်လို့ ဆိုပါတယ်။

“အိမ်မှာက ရိုးရိုးစက်ဘီးပဲရှိတာစာရင်းမှတ်သွားတယ်၊တလကို တထောင်အခွန်ဆောင်ရမယ်လို့ ပြောသွားတယ်၊ သက်သက်ငွေရှာတာ”လို့ ငွေကြေးကောက်ခံမှုကိုယ်တိုင်ကြုံခဲ့ရတဲ့ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ နေ ထိုင်သူတဦးကပြောပါတယ်။

စက်ဘီးရှိတဲ့အိမ်စာရင်းတွေလိုက်ကောက်နေတယ်ဆိုတာကို ကြားနေရပေမယ့် အခုအထိ ရောက်လာတာမရှိ သေးဘူးလို့ ကြီးပွားရေးရပ်ကွက်မှာနေထိုင်သူတဦးကဆိုပါတယ်။

“ကိုယ်တွေကမိုးလင်း၊မိုးချုပ်အိမ်မှာမရှိတော့ သေချာမသိသေးဘူး၊ရပ်ကွက်ထဲ စျေးသည်တွေပြောနေ ကြတာ တော့ကြားတယ်၊စက်ဘီးတွေလိုင်စင်လုပ်ခိုင်းတယ်လို့ပြောကြတယ်”လို့ သူကပြောပါတယ်။

အဲဒီလို စက်ဘီးရှိသူတွေကိုစာရင်းလိုက်ကောက်ပြီး အခွန်ငွေဆောင်ခိုင်းတာဟာ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့က သူတို့ရဲ့ အစီအမံနဲ့လုပ်တာလား စစ်ကောင်စီရဲ့ တပြေးညီညွန်ကြားချက် လားဆိုတာတော့တိတိကျကျ မသိရသေးပါဘူး။

ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အခုရက်ပိုင်းအတွင်း ဘတ္ထရီစက်ဘီးရှိတဲ့အိမ်တွေကို စာရင်းလိုက်ကောက်နေပြီး ဘာအတွက်ကောက်တယ်ဆိုတာတော့ ရှင်းပြတာမရှိဘူးလို့ DVB သတင်းဌာနရဲ့ သတင်းတရပ်မှာလည်း ဖော်ပြထားပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊မင်္ဂလာဒုံနဲ့ တောင်ဥက္ကလာပမြို့နယ်တွေရှိ ပြည်သူတချို့ကတော့ သူတို့ဆီမှာ အခု လို စက်ဘီးစာရင်းကောက်တာမကြားမိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လှိုင်သာယာမြို့နယ်ထဲကလမ်းဘေးဆိုင်တွေကို လိုင်စင်အတင်းအကျပ်လုပ်ခိုင်းပြီး အခွန်​ကောက်တာမျိုးရှိခဲ့ပြီး အခု သင်္ဃန်းကျွန်းမြို့နယ်မှာ စက်ဘီးတွေကိုအခွန် ဆောင်ခိုင်းတဲ့ဖြစ်ရပ်ရှိ လာတာဖြစ်ပါ တယ်။

လက်ရှိရန်ကုန်မြို့မှာ ခရီးတိုသွားလာဖို့အတွက် စက်ဘီး၊ ဘထ္တရီဘီးတွေကိုအားထားအသုံးပြု နေကြရတာကို အခွင့်ကောင်းယူပြီး ငွေပေးဆောင်ခိုင်းတဲ့အပေါ် ရပ်ကွက်နေပြည်သူတွေအကြားမှာလည်းဝေဖန်မှု တွေရှိနေ ပါတယ်။

ဆယ်စုနှစ်များစွာ ခေတ်အဆက်ဆက်အစိုးရတွေက တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားတဲ့ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက် ဆိုင်ကယ်စီးသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းပိုင်းတွေအထိ ဆိုင်ကယ်ဖမ်းဆီးမှုတွေ လုပ်တာ ကြောင့် ဆိုင်ကယ် ကယ်ရီအငှားလိုက်သူတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရတာမျိုးတွေရှိသလို အိမ်သုံးအနေနဲ့ စီးနင်း အသုံးပြုသူတွေကလည်း စက်ဘီးကိုပဲ ပြောင်းလဲအသုံးပြုတာမျိုးတွေရှိလာပါတယ်။

စစ်ကောင်စီဟာ ဘတ္ထရီစက်ဘီးစီးနင်းသူတွေကိုလည်း လုံခြုံရေးအကြောင်းပြဖမ်းဆီးတာမျိုး လုပ်လေ့ရှိပေမယ့် သာမာန်စက်ဘီးတွေကို အခုလို ငွေကြေးကောက်ခံတာမျိုးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေ တာမျိုးမရှိသေး ပါဘူး။

ပုံစာ- ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ စုပေါင်းစက်ဘီးစီးပွဲတခု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *