ကျိုက်မရော သတင်းထူးဗျို့

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် စစ်သား ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက‌ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲကင်းစခန်းနှင့် တံတားကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖြစ်နေတာ။ ချောင်းနှစ်ခွမှာတိုက်ပွဲအရမ်းထန်နေတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျိုက်မရော ချောင်းနှစ်ခွ တံတားနှင့်ရဲကင်းစခန်း ကို KNDO နဲ့ ဂဠုန်စစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီ ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရဲကင်းစခန်းနှင့် တံတားသိမ်းပိုက်မှုတွင် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားကြကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *