လွိုင်ကော် အကျဥ်းထောင်ကို သိမ်းပိုက်၊ အကျဥ်းသားတွေကို စိစစ် ကယ်ထုတ်

လွိုင်ကော် အကျဥ်းထောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်၊ အကျဥ်းသားတွေကို စိစစ် ကယ်ထုတ်

နို၀င်ဘာ ၁၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က အကျဥ်းထောင်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး အကျဥ်းသားတွေကို ကယ်ထုတ်နေတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ အားလုံးကို ထုတ်ထားပါတယ်။ လွှတ်ဖို့ မလွှတ်ဖို့ စိစစ်ဖို့အတွက် လုပ်နေပါတယ်။ ချက်ချင်းတော့ မလွှတ်သေးပါဘူး။ တိုက်ပွဲပြီးရင် သက်ဆိုင်ရာ ဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါမယ်” လို့ သူက ပြောပါတယ်။

မနေ့က အကျဥ်းထောင်အနီး ဒေါဥခူရပ်ကွက် အပါအဝင် ချိကယ်ရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ နောင်ယားစျေး တွေကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အကြိမ် ၅၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်မှာတော့ အကျဥ်းထောင်အနီး ဒေါဥခူ ရပ်ကွက်ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

အဲဒီလို လေကြောင်း သာမက လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ဘေးလွတ်ရာ နေရာတွေ၊ ဘုန်းကြီးကျောင်းတွေ ရွှေ့ပြောင်းနေသလို ပြည်သူတချို့ ပိတ်မိနေလို့ စစ်ရှောင် ကူညီပေးသူတွေ ကူညီ ရွှေ့ပြောင်း ပေးနေရတယ်လို့ သိရပါတယ်။

နိုင်၀င်ဘာ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး အတွင်း စစ်ကောင်စီတပ် အထိနာနေတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး အဆမတန် ပစ်ခတ်နေပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားနေတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *