ဘုတလင်ဆေးရုံက ဆေးရုံအုပ် အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေ CDM ဝင်လို့ ဆေးရုံ ပိတ်လိုက်ရ

ဘုတလင်ဆေးရုံက ဆေးရုံအုပ် အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေ CDM ဝင်လို့ ဆေးရုံ ပိတ်လိုက်ရ၊

မုံရွာ နမခနဲ့ မိုင်(၂၀)ပဲ ဝေးတဲ့ ဘုတလင်မြို့မှာ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်း မရှိတော့လို့ ဆေးရုံ၊ လဝက၊ စီးပွားရေးဘဏ်နဲ့ မီးသတ်ရုံး၊ ဌာနလေးခု ပိတ်လိုက်ရပြီဖြစ်၊

ဘုန်းစိုး/MFP ၊ နိုဝင်ဘာ – ၁၉

စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံက ဆေးရုံအုပ် အပါအဝင် ကျန်းမာရေး ဝန်ထမ်း (၁၅)ဦး တချို့က CDM မှာ ပါဝင်လာပြီး တချို့ ထွက်ပြေးသွားလို့ ဒီနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ဆေးရုံကို လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့က နိုဝင်ဘာ(၁၈)ရက် ညနေပိုင်းက ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံ၀န်းထဲ လက်နက်ကြီး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ဒီမနက်ပိုင်း ဆေးရုံအုပ်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မရှိတော့တာကြောင့် ဆေးရုံ ပိတ်လိုက်ရတာလို့ ဆိုပါတယ်။

“ဒီမနက် ဆေးရုံက လူနာတွေ အကုန် ပြန်ဆင်းလာကြတာ။ ဒီမနက်ပိုင်း ဆေးရုံအုပ်ကြီးနဲ့ တာ၀န်ကြ ဆရာမတွေ မရှိတော့လို့တဲ့။ ဆေးရုံအုပ်ကြီးနဲ့ ကာကွယ်ရေးအဖွဲ့တွေ စကားပြောတယ်လို့လည်း ကြားတယ်။ လူနာတွေကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်လာကြတာတဲ့” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဘုတလင်မြို့နယ် ဆေးရုံအုပ် အပါအဝင် ဘုတလင်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတချို့ဟာ စစ်အာဏာသိမ်းစကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးပြီး နောက်ပိုင်းမှာ စစ်အုပ်စုက ဆရာဝန်တွေ အပါအဝင် နိုင်ငံတဝန်းက CDM ဝန်ထမ်းတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ စစ်အုပ်စု လက်အောက် ပြန်ဝင်လုပ်ကိုင်ဖို့ အကြမ်းဖက် ခြိမ်းခြောက် ဖိအားပေးတာတွေကြောင့် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြတာလို့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီလို ဆေးရုံအုပ် အပါအဝင် ကျန်းမာရေး ဝန်ထမ်း (၁၅)ဦး တချို့က CDM ဝင်၊ တချို့ ထွက်ပြေးသွားပြီးနောက် စစ်အုပ်စုက ဆေးရုံကို ချိတ်ပိတ် သော့ခတ်သွားတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

တချိန်တည်းမှာပဲ ဘုတလင်မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေအနက် လူဝင်မှုကြီးကြပ်ရေး – လဝက ရုံး၊ မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြို့နယ် မီးစတ်ရုံးတွေမှာလည်း စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေ မရှိတော့လို့ ရုံးတွေ ပိတ်သွားပြီလို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဘုတလင်မြို့နယ် မီးသတ်ရုံးက စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်း (၂၀)ကျော်ကို တော်လှန်ရေး တပ်တွေက ဖမ်းဆီးခဲ့ပြီးနောက် မြို့နယ်မီးသတ်ရုံး ပိတ်သွားတာ နှစ်လကျော် သုံးလနီးပါး ကြာပြီဖြစ်ပြီး လဝက ရုံးနဲ့ စီးပွားရေးဘဏ်တွေလည်း ယခုရက်ပိုင်း ပိတ်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လက်ရှိမှာ ဘုတလင်မြို့ပေါ်က ထွေအုပ်၊ ရဲစခန်း၊ စိုက်ပျိုးရေးရုံး၊ သစ်တောရုံး စတဲ့ စစ်အုပ်စု ဝန်ထမ်းတွေ ကျန်ရှိနေသေးတဲ့ ရုံးတွေကတော့ ဆက်ဖွင့်နေသေးတယ်လို့ ဆိုပါတယ်။

“ဘုတလင်မှာ ပိတ်ထားရတဲ့ ဌာန လေးခု ရှိသွားပြီ” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဘုတလင်မြို့ဟာ စစ်အုပ်စု အခြေပြုရာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင်(၂၀)ခန့်သာ ကွာဝေးတဲ့ မြို့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နမခ ထဲက စစ်အုပ်စုဟာ သူတို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်နဲ့ ဘုတလင်နယ် ကျေးရွာတွေထဲ လက်နက်အားကိုးနဲ့ စီးနင်းဝင်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ နေ့စဉ်နီးပါး ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီး အကြမ်းဖက်နေလို့ ဘုတလင်နယ်က အိမ်ခြေ (၄၀၀)ကျော် ရှိတဲ့ ကူတော်ရွာနဲ့ အိမ်ခြေ (၃၀၀)ကျော် ရှိတဲ့ ရွာမွန်ရွာတွေမှာ ဒေသခံ ပြည်သူတွေ မနေရဲတော့တာ နှစ်ပေါက်နေပြီဖြစ်ပြီး ရွာပျက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *