ပျော်ဘွယ်မြို့နေ ရမည်းသင်းခရိုင် စစ်အုပ်စု ကောင်စီဝင်တစ်ယောက် နေအိမ်မှာ သေနတ်နဲ့ ပစ်ခံရ၊
ဒေါ်လာ/MFP ၊ နိုဝင်ဘာ – ၂၀
မန္တလေးတိုင်း ပျော်ဘွယ်မြို့နေ ရမည်းသင်းခရိုင် စစ်အုပ်စု ကောင်စီဝင်တစ်ယောက် မနေ့က ညနေပိုင်း နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရလို့ ဆေးရုံ ပို့ထားရတယ်လို့ သတင်း ရရှိပါတယ်။
နိုဝင်ဘာ(၁၉)ရက် မနေ့က ညနေ(၄)နာရီကျော်က ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိူင်ရပ်ကွက်၊ ပိတောက်မြိုင်လမ်းနေ ရမည်းသင်းခရိုင် စစ်အုပ်စု စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးစံထွန်း ဆိုသူထံ ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ဦး အမှုအပ်ချင်လို့ ဆိုပြီး ရောက်လာကာ တံခါးဖွင့်ပေးချိန် ဦးစံထွန်းကို သေနတ်နဲ့ နှစ်ချက် ပစ်ခတ်သွားကြောင်းနဲ့ ဦးစံထွန်းမှာ လက်ဖျံနဲ့ ပုခုံး ထိမှန်ဒဏ်ရာရကာ ပျော်ဘွယ်ဆေးရုံက တဆင့် မိတ္ထီလာ အမှတ်(၁) စစ်ဆေးရုံ ပို့ထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူ စစ်အုပ်စု ရမည်းသင်းခရိုင် ကောင်စီဝင် ဦးစံထွန်းဟာ ယခင်ကတည်းက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူ ဖြစ်ပြီး ပျော်ဘွယ်၊ ရမည်း ဒေသတွင်း ပေါ်ပေါက်တဲ့ တရားရေးဆိုင်ရာ အမှုတွေမှာ ပြည်ခိုင်ဖြိုးပါတီအတွက် ရှေ့နေလိုက်ပေးသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့က နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ မိတ္ထီလာမှာ ဆေးကု နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာတာ့ မသိရသေးပါဘူး။
ပျော်ဘွယ်နဲ့ ရမည်းသင်းဟာ စစ်အာဏာမသိမ်းခင်က ပြည်ခိုင်ဖြိုးပါတီ ထောက်ခံမှု အားကောင်းတဲ့ နယ်တွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်မှာလည်း စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးလွှမ်းမိုးထားတဲ့ ဒေသ ဖြစ်ပါတယ်။