ကလေးမြို့ ရန်ကြီးအောင် စစ်အုပ်စုစခန်းကို တိုက်ခိုက်သိမ်းပိုက်
ပြည်သူကို ဖမ်းဆီးငွေညှစ်၊ သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ ဗိုလ်ကြီး သန်းနိုင် အပါအ၀င် စစ်အုပ်စု အများအပြား သေပြီး တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံး
နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင်ရွာ စစ်အုပ်စု စခန်းကို ဒီမနက် စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် နှိပ်စက်သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ ဗိုလ်ကြီးအဆင့် သန်းနိုင် အပါအဝင် စစ်အုပ်စု အများအပြား သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ နို၀င်ဘာ (၂၃)ရက် မနက်ပိုင်းမှာ ကလေးမြို့နယ် ရန်ကြီးအောင်ကျေးရွာ စစ်အုပ်စု စခန်းကို တော်လှန်ရေး တပ်တွေက စီးနင်း တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ ကလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကလေး-PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ရန်ကြီးအောင် စခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးကျဲ စစ်ကူပေးသလို လေထီးတွေနဲ့ အင်အားချပြီး စစ်ကူပေးတဲ့ကြားက စခန်းကို အပြီး သိမ်းနိုင်ခဲ့တာလို့ ကလေး – PDF ရဲဘော်က ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ကလေးမြို့ လူထုကို လက်နက်ပြ မိုက်ကြေးခွဲ၊ ဖမ်းဆီးငွေညှစ်၊ နှိပ်စက် သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ စစ်အုပ်စု လက်နက်ကိုင် ဗိုလ်ကြီးအဆင့် သန်းနိုင် အပါအ၀င် စစ်အုပ်စု အများအပြား သေပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက ပြောပါတယ်။
“ရန်ကြီးအောင် တိုက်ပွဲမှာ ဗက သန်းနိုင် ဂန့်တာက ဟုတ်တယ်။ အတည်ပြုနိုင်တယ်။ လေကြောင်းသုံး ပစ်တယ်။ လေထီးနဲ့ချတယ်။ လက်နက်တချို့ သိမ်းဆည်း ရထားတယ်။ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ပေးပါ့မယ်” လို့ ကလေး – PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNDF တပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးနဲ့ ကလေးခရိုင် အထူးတပ်ရင်းက PDF ရဲဘော်တစ်ဦး ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ရန်ကြီးအောင်ရွာဟာ ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး – ဂန်ဂေါ ကားလမ်းဘေး၊ ကလေးမြို့နဲ့ မိုင်(၃၀)အကွာမှာ တည်ရှိကာ အဓိကအားဖြင့် မကွေးနဲ့ ချင်းပြည်ဘက် စစ်ကူပေးတဲ့ စစ်အုပ်စုတွေ အခြေပြုရာ စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ယခုရက်ပိုင်း ကလေးဒေသမှာ တိုက်ပွဲတွေ မကြာဖဏ ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုက ကလေးမြိုကပေါ် ရပ်ကွက်တွေကိုပါ မရှောင် ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကျဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နို၀င်ဘာ(၂၂)ရက်ကလည်း ကလေးမြို့ပေါ် ရပ်ကွက်တွေနဲ့ ကလေးနယ် ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကျဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအ၀င် ဒေသခံ သုံးဦး သေဆုံးပြီး ပြည်သူ (၁၅)ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပြည်သူကို ဖမ်းဆီးငွေညှစ် သတ်ဖြတ်ရာမှာ နာမည်ကြီးပြီး ကလေးမြို့ ရန်ကြီးအောင် စခန်းသိမ်း တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု ဗိုလ်ကြီးအဆင့် သန်းနိုင်/Photo – ပေးပို့