စစ်ကိုင်းတိုင်း ၃မြို့နယ်အခြေနေ

စစ်ကိုင်းတိုင်း ၃မြို့နယ်အခြေနေ

စစ်ကိုင်းတိုင်း ၃မြို့နယ်အတွင်း စစ်ကြောင်းထိုးမှု လျော့၊ မြို့ပေါ်၌ စစ်တပ် ခံစစ်ပြင်

နိုဝင်ဘာလ ၂၈ ရက်

၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကိုင်းတိုင်း မြို့နယ် ၃ခု အတွင်း စစ်ကြောင်းထိုးမှုများ လျော့နည်းလာပြီး မြို့ပေါ်အထိုင်ချတပ်စခန်းများကိုသာ အခိုင်အမာတည်ဆောက်ကာ ခံစစ်ပြင်နေကြောင်း သိရသည်။

ယခင်က စစ်ကောင်စီတပ်သည် ဆာလင်းကြီးမြို့နယ်အတွင်း ၁လလျှင် ၁ကြိမ်အနည်းဆုံး စစ်ကြောင်းထိုးဝင်‌ေရာက်မှုရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ယာဉ်တန်းဖြင့် ၁ ကြိမ်သာဝင်ရောက်ခဲ့ကာ မြို့ပေါ်အထိုင်ချစခန်းများကိုသာ အခိုင်အမာတည်ဆောက်နေကြောင်း ဆားလင်ကြီးမြို့နယ် တိုက်နယ် (၆) သတင်းပြန်ကြားအဖွဲ့ဝင် ကိုသူရက ပြောပါတယ်။

“စောစောတုန်းက ကားတန်းနဲ့တစ်ခေါက်ထိုးသေးတယ်။ အဲ့ဒါပြီးတဲ့နောက် မထိုးသေးဘူး။ သူတို့အနေနဲ့ အင်အားလျော့လာတာလည်းပါမှာပေါ့။ ၁လ ၁ခေါက်တောင်မလာနိုင်တော့တဲ့ အနေအထားဖြစ်နေပြီ” ဟု ၎င်းကပြောသည်။

စစ်တပ်သည် ၁၀၂၇ စစ်ဆင်‌ေရးမစတင်မီက ဆာလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဘုန်းကြီးကျောင်းနှင့် အမှတ်‌(၆) ချည်မျှင်စက်ရုံတို့တွင် လူခွဲအထိုင်ချထားကြောင်း စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တွင်မူ ရဲစခန်းနှင့် အတန်းလိုက်တည်ရှိသည့် ဘုန်းကြီးကျောင်း၊ ခန်းမ၊ ကြံ့ခိုင်ရေးရုံး၊ စာသင်ကျောင်းနှင့် ဆေးရုံတို့၌ ကတုတ်ကျင်းနှင့် ဘန်ကာများ အခိုင်အမာတည်ဆောက်ကာ တစ်စုတဝေးတည်းနေကြကြောင်း ၎င်းကပြောသည်။

” သူတို့နေတဲ့နေရာတွေကို အဲ့လိုတွေလုပ်ထားတော့ ပြည်သူတွေလည်း သွားဖို့မလွယ်တော့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။

ပုလဲမြို့နယ်၌ အောက်တိုဘာမှစ၍ နိုဝင်ဘာလလယ်အထိ စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် ပုလဲမြို့ပေါ်နှင့် ပျူစောထီးရွာများတွင် စစ်‌ကောင်စီတပ်က ခံစစ်သာပြင်ဆင်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

“၂လ နီးပါးလောက်ထိုးသွားတယ်။ အဲ့လောက်လည်း တစ်ခါမှမထိုးဖူးပါဘူး။ ၁၁လပိုင်း လလယ်လောက်ကနေစပြီး စစ်ကြောင်းထိုးတာရပ်ပြီး ခံစစ်ပြင်နေတဲ့အနေအထားရှိတယ်။ လက်နက်ခဲယမ်းပိုပြီးအားဖြည့်ထားတယ်။ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ပြီးနေကြတယ်။ ဟိုနေ့ကလည်း ပုလဲမြို့ပေါ်ကို Mi-35နဲ့ စစ်လက်နက်ပစ္စည်းလို့ယူဆလို့ရတဲ့အရာတွေချသွားတယ်” ဟု ၎င်းကပြောသည်။

ရေဦးမြို့ကို ကာကွယ်ရန်အတွက်လည်း နိုဝင်ဘာ ၄ရက်နေ့က ခင်ဦးမြို့အနောက်ခြမ်းရှိ ရွာသစ်ကုန်းပျုရွာ ၊ မြင်းဒေါင်းရွာ စစ်တပ်အခြေစိုက်စခန်း ၊ မူးတိမ်ချောင်းအခြေစိုက်စခန်း နှင့် အင်းပတ်ကွေ့ အထိုင်ချဂိတ်တို့မှ စစ်သားနှင့်ပျူစောထီးတို့ ပြောင်းရွှေ့လာကြကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“စစ်သား၊ ပျူတွေနဲ့ ပျူစောထီးမိန်းမတွေပါတယ်။ နိုဝင်ဘာလ၄ရက်နေ့ကတည်းက ရေဦးမြို့တွင်းကိုပြောင်းရွှေ့လာတယ် ” ဟု ၎င်းကပြောသည်။

ယင်းသို့ စစ်သားများ မြို့ပေါ်ရွှေ့ပြောင်းလာကြခြင်းသည် ၎င်းတို့၏ စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်တိုက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ရေဦးမြို့ခံတစ်ဦးက သုံးသပ်သည်။

၁၀၂၇စစ်ဆင်ရေးနှင့်အတူ စစ်ကိုင်းတိုင်းအတွင်း၌ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်ဖြင့် ဆင်နွှဲလျက်ရှိသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *