ဒီလိုသတင်းတွေဖတ်ပြီး ဝမ်းသာရမယ်လို့တစ်ခါမှမတွေးမိဘူး

ဒီလိုသတင်းတွေဖတ်ပြီး ဝမ်းသာရမယ်လို့တစ်ခါမှမတွေးမိဘူး

ချောင်းနှစ်ခွရဲစခန်းက စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးကိုကိုဝင်း ဒရုန်းထိမှန် သေဆုံး

BVJ/အိုင်းရစ် _ နိုဝင်ဘာ ၂၈ ၊ ၂၀၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ပြီး ဒုတပ်ရင်းမှူးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို Cloud Wings နဲ့ အခြားဒရုန်းတပ်ဖွဲ့များက နိုဝင်ဘာ ၂၆ ရက် နံနက် ၅ နာရီ ၅ မိနစ်ဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒရုန်းထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

“နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီ ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ဒရုန်း ၂ စီးတက်တယ်ပေါ့နော်။ Drop ချတာကတော့ ၅ နာရီ ၅ မိနစ်ဝန်းကျင်လောက်မှာ ၄ လုံးချတယ်။ ၆၀ မမ တစ်စီးနဲ့ ၁၀၇ မမ တစ်စီးနဲ့ ချလိုက်တယ်။ အဲဒီဒရုန်း Drop ဗုံးနဲ့ပဲ စကစ တပ်ရင်းမှူး သေတယ်”လို့ Cloud Wings မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုငြိမ်းက Burma VJ ကို ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတဲ့ ချောင်းနှစ်ခွဲရဲစခန်းမှ တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးပြီးနောက် စစ်ကောင်စီက ရာထူးတိုးပေးတဲ့အပြင် သီဟသူရဘွဲ့ကိုပါ ချီးမြှင့်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ Cloud Wings က ဖော်ပြထားပေမဲ့ Burma VJ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲတွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာ ၁၇ ရက်ဝန်းကျင်ရှိလာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးရမိမှု ၇၀ ဝန်းကျင်ထိ ရှိတယ်လို့လည်း သိရပါတယ်။

“ကျိုက်မရောဒေသက တိုက်ပွဲဖြစ်နေတာ ၁၇ ရက်လောက်ရှိပြီ။ ကျွန်တော်တို့ ဒေသတော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့လောက်ပေါင်းပြီး တပ်ပေါင်းစုအနေနဲ့ တိုက်ပွဲဖော်ဆောင်နေတာပါ။ ကြားထဲမှာ စစ်ကောင်စီ စစ်ကြောင်း ဖြတ်တောက်ခံရတာ ၃ ခါပေါ့။ စစ်ကောင်စီ သေဆုံးတာရော၊ အရှင်မိတာတွေရောဆိုရင် ချောင်းနှစ်ခွဒေသမှာတင် ၇၀ လောက်ရှိပြီပေါ့။ ပထမတစ်ခေါက် ကြီးကြီးမားမား စစ်ကြောင်းမိတုန်းကဆိုရင် အယောက် ၅၀ ကို တစ်ဝက်သေဆုံး၊ တစ်ဝက် အရှင်ဖမ်းမိတယ်၊ ကျန်တာ ကြားထဲမှာ ၁၀ ယောက်ရလိုက်၊ ၆ ယောက် ရလိုက်၊ ၅ ယောက်ရလိုက်ကလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အကြမ်းဖျင်းပြောရင်တော့ ၇၀ ရှိပြီ”လို့ ကိုငြိမ်း (တာဝန်ခံ) က ဆက်လက်ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ဦးဆောင်မှုနဲ့အတူ ဒေသတွင်း ပူးပေါင်းတပ်များနဲ့အတူ Cloud Wings ဒရုန်းအဖွဲ့ကလည်း အခြားဒရုန်းအဖွဲ့များနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီစစ်ကြောင်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *