ကော့ကရိတ်စခတွေရဲ့နေရာတွေကိုအပြီအပြင် မီးဖုတ်နေတဲ့(ရုပ်သံ)

ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကာ ခရီးသွားပြည်သူတချို့နှင့်မြို့ခံ ပြည်သူတချို့ ပိတ်မိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီမှစတင်ပြီး KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနက် ၄ နာရီလောက်ကတည်းက မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ပြီး တိုက်ပွဲတွေဖြစ်နေတာ။ လက်နက်ကြီးတွေ ရော လက်နက်ငယ်တွေရော အဆက်မပြတ်ပဲ။ ကော့ကရိတ်မြို့ပေါ်က စက်မှုလယ်ယာရုံးတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ မီးလောင်နေတယ်လို့ သိရတယ်။ ကော့ကရိတ်မြို့နားမှာ ပိတ်မိနေတဲ့ ကားသမားတွေလည်း မြောင်းတွေထဲ ဆင်းပြေးပြီး နေရတယ်။ အခြေအနကတော့ တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ အခုထက်ထိပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့ စျေးကြီးအပေါ်တွင် နေရာယူထားကြောင်း၊ မြို့ထဲတွင်ပါ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြို့ထဲမှာပါ စစ်တပ်က နေရာယူထားတယ်။ နှစ်ဖက်တော့ ဖြစ်နေကြတာပဲ။ တံတားဦး ခင်နိမ်းမူ ဝင်းကြီး သပြေကုန်း မြို့တော်ဦး ချောင်းတောင် အောက်ရွာ မွေးမြူရေးဇုန်နဲ့ မြို့ပတ်လည်အနှံ့မှာ တိုက်ပွဲတွေက အကြီးအသေး ဖြစ်နေတာ။ အခြေအနေက မှန်းလို့မရသေးဘူး။ တိုက်ပွဲက အရမ်းကို ပြင်းထန်နေတာ။ ပြည်သူတွေ ပိတ်မိတာရှိပေမယ့် အရေအတွက်အရတော့ နည်းပါတယ်။ ကော့ကရိတ်မှာ မနေကြဘဲ ပြည်သူတွေ စစ်ရှောင်နေကြတာကြာပြီ” ဟု ကော့ကရိတ်မြို့ထဲမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *