ကျောက်မဲမှာ ရှယ်ဆော်နေကြပီနော်

ဒီဇင်ဘာ ၂ ရက်၊ ကျောက်မဲ

ကျောက်မဲ-နောင်ချိုကြား ၈ မိုင်သာဝေးတဲ့ နောင်ပစ်ရွာ အနီးမှာ စစ်တပ်နဲ့ TNLA, မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနေ့ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး စစ်တပ်က ကျောက်မဲ ၅၀၁-၅၀၂ တပ်ကုန်းကနေ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့နောင်ပစ်ဘက်ကို ပစ်ကူပေးတဲ့အပြင် ကျောက်မဲ-သီပေါကြား ကျင်တီတံတားဘက်ကိုလည်း တစ်ဖက်သတ်ပစ်ခဲ့ပါတယ်။

ကျောက်မဲမြို့ခံအမျိုးသားတစ်ဦးက “မနေ့ည တိုက်ပွဲဖြစ်တာက ခဏပါပဲ။ ထုံးစံအတိုင်းပေါ့ တိုက်ပွဲဖြစ်ပြီးရင် ရမ်းပစ်တတ်တာပဲလေ။ မနေ့ည တညလုံး ခြားခြားပြီးပစ်နေတာပဲ။ သေချာတာတစ်ခုက ရွာတွေမှာပဲ ထိမှာပဲ။ ဒါပေမယ့် ဒီအနီးအနားက လူတွေက ရှောင်ကုန်ကြပြီလေ။ လူထုတွေကိုတော့ ထိနိုင်ချေနည်းမယ် ထင်တယ်” လို့ ပြောပါတယ်။

ကျောက်မဲမြို့မှာ အခုတစ်ပတ်အတွင်း မန္တလေးကနေ တက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်ရောက်နေပြီး တပ်ကုန်းမှာ မနေဘဲ မြို့တွင်းက ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်ရပ်ကွက်တွေမှာ ဝင်ရောက်နေထိုင်ကြတယ်လို့ သူက ဆိုပါတယ်။

နှစ်ဖက်ကျဆုံးမှုနဲ့ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးပါဘူး။

နောက်ထပ်အမျိုးသားတစ်ဦးက “တိုက်ပွဲကတော့ ဖြစ်ပါတယ်။ ဆိုးတာက ကျောက်မဲကနေ လက်နက်ကြီးတွေလှန်းပစ်နေတာပေါ့။ ဒီမနက်ကတော့ ငြိမ်နေတယ်။

ဒါပေမယ့် သူတို့ တပ်တွင်းထဲကတော့ လက်နက်ပစ္စည်းတွေ ဒီနေ့ပြင်ဆင်မှုတွေလုပ်နေတာရှိတယ်လို့ သိရတယ်။ ဘာများတစ်ခုခုထူးခြားမလဲ စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၃၀ ရက် ည ၁၀ ဝန်းကျင်ကနေ ဒီဇင်ဘာ ၁ ရက် မနက်အထိ ၅၀၁-၅၀၂ တပ်ကုန်းကနေ ကြူရှောရွာဘက်ကို လက်နက်ကြီး ၁၅ လုံး ဝန်းကျင် ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *