“ငပုရှေ့ကဟန်ပါပါနဲ့ထွက် ဟိုရောက်တော့အလံဖြူထောင်”ပိုင်လိုက်တာကွာ

“မုန်းမြို့သိမ်းတိုက်ပွဲမှာ လက်နက်ချ အညံ့ခံတဲ့ တပ်တွေကတော့ ခလရ ၈၄ တစ်ခုတည်းတော့မဟုတ်ပါဘူး။ အခြား လက်ရုံးတပ်တွေလည်းပါပါတယ်။ မကြာသေးခင်က မှ လာပြီးတော့ အင်အားဖြည့်တင်းထားတဲ့ လက်ရုံးတပ်တွေလည်း ပါပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြောချင်တာက အာဏာရှင်ကို ကာကွယ်မယ့်အစား ကိုယ့်အသက်ကို ကိုယ်ငဲ့ပါ။ လက်နက်ချပါ”

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို KNLA ၊ PDF မဟာမိတ်တော်လှန်ရေးတပ်များက ဒီဇင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ရာယင်း အခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လတ်တလော မုန်းမြို့မှာ လက်နက်ချတဲ့ စစ်တပ်တပ်ရင်းတွေရဲ့ အခြေအနေတွေ သိချင်ပါတယ်။

ဖြေ။ ။ လက်နက်ချတာက ခလရ ၈၄ က ဒုရင်းမှူး အဆင့်ရှိတဲ့ ဗိုလ်မှူးတစ်ဦးရယ် ဗိုလ်ကြီး ၊ အရာရှိ ၃ ဦးနဲ့ အကြပ်စစ်သည် တော်တော်များများ ကျနော်တို့ KNLA ၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကို လက်နက်ချတာဖြစ်ပါတယ်။ ကျနော်တို့ အရေအတွက် အတိအကျက ပြောဖို့ စောပါသေးတယ်။ သက်ဆိုင်ရာ KNU ကရော NUG ကရော ထုတ်ပြန်တဲ့အခါကျရင်တော့ တရားဝင်ထုတ်ပြန်ပါလိမ့်မယ် ။

မေး။ ။ လက်နက်ချတာက ခလရ ၈၄ တပ်ရင်း တစ်ခုတည်းလား။

ဖြေ။ ။ လက်နက်ချ အညံ့ခံတဲ့ တပ်တွေကတော့ ခလရ ၈၄ တစ်ခုတည်းတော့မဟုတ်ပါဘူး။ သူတို့ အခြား လက်ရုံးတပ်တွေလည်းပါပါတယ်။ အင်အားဖြည့်တင်းထားတဲ့၊ မကြာသေးခင်က မှ လာပြီးတော့ အင်အားဖြည့်တင်းထားတဲ့ လက်ရုံးတပ်တွေလည်း ပါပါတယ်။

မေး။ ။ မုန်းမြို့သိမ်းတိုက်ပွဲမှာ ဘယ်တပ်တွေက ဦးဆောင်ပြီး ဘယ်တပ်တွေပါဝင်ပါသလဲ။

ဖြေ။ ။ ဒီစစ်ဆင်ရေးက KNLA က စီမံပြီးတော့ KNLA ၊ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ စစ်ဆင်ရေးဆောင်ရွက်တာဖြစ်ပါတယ်။ ကျနော်တို့ KNLA ၊ PDF တပ်ဖွဲ့တွေအပြင် BPLA က တပ်ဖွဲ့ဝင်တချို့လည်း ကျနော်တို့နဲ့အတူ ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပြီးတော့ ပါဝင်တိုက်ခိုက်ပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲသို့ လေယာဉ်ဖြင့် စစ်ကူပေးပို့ခဲ့သော လက်ရုံးတပ်များနှင့် ခလရ ၈၄ တပ်မှ အရာရှိနှင့်စစ်သည်များ KNLA ၊ PDF နှင့် မဟာမိတ် တပ်များထံတွင် လက်နက်ချ အညံ့ခံ

■ စခန်းစွန့်ခွာထွက်ပြေးသော စစ်သားများကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ပစ်ခတ် သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်များ အထိနာနေသဖြင့် စစ်ကောင်စီက လက်ရုံးတပ်များနှင့် ခလရ ၈၄ တပ်မှ အရာရှိနှင့်စစ်သည်များကို စစ်ကူအဖြစ် လေယာဉ်ဖြင့် ပေးပို့ခဲ့သော်လည်း အဆိုပါတပ်များသည် KNLA ၊ PDF နှင့် မဟာမိတ် တော်လှန်ရေး တပ်များထံတွင် လက် နက်ချ အညံ့ခံကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNLA နှင့် PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်က စတင်ပြီး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ ၊ မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်း နှင့် တံတားထိပ် ဂိတ်စခန်းတို့ကို တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိခဲ့သည်။

မုန်းဒေသတိုက်ပွဲတွင် စစ်တပ်က အထိနာသဖြင့် စစ်ကောင်စီက လေယာဉ်ဖြင့် ခလရ ၈၄ တပ်ဖွဲ့ဝင်များကို စစ်ကူ ပေးပို့ရာ အဆိုပါ စစ်ကူ လာရောက်သည့် စစ်သားများသည် KNLA PDF နှင့် မဟာမိတ်တပ်များထံတွင် လက်နက်ချ အညံ့ခံကြောင်း ရဲဘော်တင်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက KNLA အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စခန်းများ စွန့်ခွာ ထွက်ပြေးကြကြောင်း၊ ယင်းသို့ စွန့်ခွာ ထွက်ပြေးသော စစ်ကောင်စီတပ်များကို စစ်တပ်က လေယာဉ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင်တချို့မှာ မတတ်သာသည့်အဆုံး လက်နက်ချရသူများလည်းပါဝင်ကြောင်း ၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၂ ရက်တာ တိုက်ပွဲများအတွင်း စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

မေး။ ။ မုန်းမြို့သိမ်းတိုက်ပွဲပြီးတော့ နောက်ထပ်ဘယ်လို စစ်ဆင်ရေးတွေ လာဦးမလဲ။

ဖြေ။ ။ ဒီစစ်ဆင်ရေး ရည်ရွယ်ချက်ကတော့ မဟာမိတ်များနဲ့ MOD ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း စစ်ဆင်ရေးတွေကို စနစ်တကျ တစ်ဆင့်ချင်း အကောင် အထည်ဖော်နေတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ နောက်ဆုံးပြောချင်တာက တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်ဆိုတဲ့အတိုင်း စစ်ဆင်ရေးက တစ်ဆင့်ပြီး တစ်ဆင့် အရှိန်မြှင့်လာပါမယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက အာဏာရှင်ကို ကာကွယ်မယ့်အစား ကိုယ့်အသက်ကို ကိုယ်ငဲ့ပါ။ ကိုယ့်မိသားစုကို ကိုယ်ငဲ့ပြီး ကျနော်တို့ ဆီကို လာရောက်ပူးပေါင်းပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချပါလို့ပဲ ပြောချင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *