တစ်ခုပြီးတစ်ခုသိမ်းနေလိုက်တော့

သိမ်းလိုက်တဲ့ တရွန်အိုင်ဗျူဟာကုန်းမှ ဟောင်ဝစ်ဇာအမြောက် AA ရ၊ နှုံးဘူးဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင်နေ

ဒီဇင်ဘာ ၆ ရက်

၂၁ ရက်ကြာတိုက်ခိုက်ခဲ့ရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး တဆက်တည်းမှာ နှုံးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်နိုင်ဖို့ ဒီနေ့မှာ ထိုးစစ်ဆင်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က အသိပေးပါတယ်။

တရွန်အိုင်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်းမှာ ထိုက်သင့်တဲ့ ပေးဆပ်မှုတွေနဲ့ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဓာတုဓာတ်ငွေ့ ဗုံးတွေကို နေ့ညရက်ဆက် ပစ်ခတ်နေတဲ့ကြားက သိမ်းပိုက်မိခဲ့တာလို့ AA က ထုတ်ပြန်ပြောဆိုပါတယ်။

ဗျူဟာကုန်းသိမ်းမိတဲ့အကြောင်း မနေ့က ထုတ်ပြန်အသိပေးပြီးနောက်မှာ ဒီနေ့ နေ့လယ်မှာတော့ AA တပ်ဖွဲ့ဝင်များနဲ့ တရွန်အိုင်ဗျူဟာကုန်းမှ သိမ်းမိခဲ့တဲ့ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးပုံကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းဟာ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါရှိပြီး စစ်ရေးအရအလွန်အရေးပါကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက်ပါ အရေးပါတဲ့ စခန်းကုန်းတစ်ခုဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ နှုံးဘူးဗျူဟာကုန်းကို AA က တိုက်ခိုက်နေတာ ဒီနေ့ဆို ၂၃ ရက်မြောက်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စခန်းကုန်းသိမ်းတာနဲ့ပတ်သက်ပြီး နှစ်ဖက်သေဆုံးတဲ့ စာရင်းကိုတော့ AA အဖွဲ့က ထုတ်ပြန်ထားခြင်းမရှိပါဘူး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *