မြောက်ပိုင်းညီနောင်တွေကသဘောတူညီချက်တွေကိုလက်မခံကြောင်းကြေညာ

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဆွေးနွေးပွဲလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်၊ သဘောတူညီချက်တွေကို မြောက်ပိုင်း ၃ ဖွဲ့က လက်မခံဘူးလို့ သိရ

ရှမ်း၊ဒီဇင်ဘာ(၁၅)

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတိုင်ပင်ခံကော်မတီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့ အခုလ(၇၊၈) ရက်နေ့တွေမှာ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ၇ ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မဟာမိတ်ညီနောင်(၃)ဖွဲ့က လက်မခံဘူးလို့ သိရပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ MNDAA၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရခိုင်တပ်မတော် AA တို့ဘက်က ကိုယ်စားလှယ် (၃)ယောက်နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NFPNC)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) တို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က Ridge ဟိုတယ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကနေ သဘောတူညီချက် ၇ ချက်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းများနှင့် သက်ဆိုင်ရာအကျဉ်းသားများအား အမြန်ဆုံး လဲလှယ်ပေးရန်၊ ပဋိပက္ခဇုန်များရှိ အရပ်သားများ၏ ဘေးကင်းရေးကို ကာကွယ်ရန်နှင့် ဘေးကင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမီမှုကို သေချာစေရန်၊ စစ်ဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း၊ အရပ်ဘက်နှင့် စစ်ဘက်မဟုတ်သော အခြားပစ်မှတ်များကို မခွဲခြားဘဲ တိုက်ခိုက်နေမှုများကို ရပ်စဲရန်၊ ထိန်းချုပ်နယ်မြေများအတွင်း ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုများကို လုံးဝတားမြစ်ပပျောက်စေကာ အရေးပါသော ခေါင်းဆောင်များကို အမြန်ဆုံးဖမ်းဆီးလွှဲပြောင်းပေးအပ်ရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးလိမ်လည်သူများ၊ အာဏာလိမ်လည်မှုအဖွဲ့များ၏ “အကာအကွယ်ထီးများ”၊ ကျောရိုးနှင့် လိမ်လည်မှုဆိုင်ရာ ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရခဲလှသောအခွင့်အရေးကို မြတ်နိုးပါ၊ ထို့အပြင်အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ပြီးနောက် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးကာ နိုင်ငံရေးအရ အစီအမံများ ဆောင်ရွက်ရန် တပ်မတော်က ကတိပြုခဲ့ပြီး၊ မြန်မာအမျိုးသားမဟာမိတ် ဒီမိုကရက်တစ် အင်အားစု အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့က လောက်ကိုင်ကို ဝင်မတိုက်ဖို့နဲ့ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းနဲ့ ဆက်စပ်လမ်းတွေကို အမြန်ဆုံး ပြန်လည် ထူထောင်ဖို့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

ရရှိထားတဲ့သတင်းတွေအရ ဆွေးနွေးချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ အဲ့ဒီအချက်တွေကို သဘောတူခဲ့ပေမယ့် နောက်ပိုင်းမှာ လက်မခံခဲ့တာကြောင့် တိုက်ပွဲတွေ ထပ်ပြီးဖြစ်နေတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်အသိပေးထားတာ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ တွေ့ဆုံခဲ့တဲ့အကြောင်းကို သူတို့ရဲ့ လက်အောက်ခံ မီဒီယာတွေကနေ ထုတ်ဖော်ပြောဆိုထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *