ဝိုင်းမော်တွင် စခစခန်း၂ခုကို KIAတစ်ပြိုင်တည်း ကြိတ်

ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်းနှစ်ခုကို KIA တစ်ပြိုင်တည်း တိုက်ခိုက်

ဝိုင်းမော် – ဒီဇင်ဘာ ၁၅၊ ၂၀၂၃။

ဝိုင်းမော်မြို့နယ်မှ ဦးရွှေမင်းပြည်သူ့စစ်စခန်းနှင့် တာလောကြီးပြည်သူ့စစ်စခန်းနှစ်ခုကို ယနေ့ နံနက် ငါးနာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တစ်ပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်နှင့်စစ်ကောင်စီပူးပေါင်းတပ်တို့စခန်းချနေထိုင်သည့် ဘော်ဆာဒီးကျေးရွာမှ တပ်စခန်းနှင့် တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA ကသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နောင်းဟီးကျေးရွာဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းနှစ်ခုကို သွားတိုက်ခိုက်တယ်လို့ပြောတယ်။ စစ်တပ်စခန်းထိုင်ဖို့လုပ်နေတဲ့နေရာကို သွားသိမ်းနိုင်ခဲ့တယ်လို့ပြောတယ်။ စစ်ကောင်စီက စစ်ကူရောက်လာတာကြောင့် တော်တော်လည်းရှုပ်နေတယ်လို့သိရတယ်။ ရွှေညောင်ပင်(ရွာ) ခြေလျင်တပ်ရင်း ခလရ ၃၂၁ က လက်နက်ကြီးနဲ့ပစ်ကူနေတာအခုဆိုရင် အကြိမ် ၄၀ လောက်ရှိပြီ၊ အခုတော့ နာရီဝက်တစ်ခါလောက်ပဲကြားရတော့တယ်” ဟုပြောသည်။

KIA နှင့် KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး မြစ်ကြီးနားစစ်ကောင်စီလေတပ်စခန်းမှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ငါးကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဂါးရာယန်(ရွာ)မှာရှိတဲ့ ရွှေမင်းပြည်သူ့စစ်တွေ လက်နက်ကြီးနဲ့ပစ်နေတယ်လို့ကြားရတယ်။ အားလုံးစစ်ရှောင်နေကြတယ်။ ပြည်သူတွေထိခိုက်တာတော့မကြားရသေးဘူး၊ လက်နက်ကြီးသံတွေကကြားနေရတုန်းပဲ၊ တိုက်ပွဲလည်းဖြစ်နေတုန်းပဲ” ဟုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေညောင်ပင်ကျေးရွာ၊ အောင်မြေ (၁) နှင့် အောင်မြေ (၂) ကျေးရွာရှိပြည်သူများစစ်ရှောင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

တာလောကြီးကျေးရွာက ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပြီး The 74 Media က အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ဦးရွှေမင်းဦးဆောင်သည့် လီဆူပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *