ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေမှာ ဦးဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း။
– မြန်မာ့အရေး ဖြေရှင်းဖို့ ထိုင်းက စစ်ကောင်စီနဲ့ ဆွေးနွေးမယ် …
ဒီဇင်ဘာ ၁၆၊ ၂၀၂၃
ပဋိပက္ခတွေ မြင့်တက်လာတာနဲ့အမျှ ဒုက္ခသည်ဝင်ရောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုတွေ ပိုမိုမြင့်တက်လာတာကြောင့် နှစ်နှစ်ကျော်ကြာ ပြည်တွင်းစစ်ကို ဖြေရှင်းရာမှာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့အရေးကလည်း အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်က ပြောကြားလိုက်ပါတယ်။
“အာဆီယံရဲ့ အချက်ငါးချက် သဘောတူညီမှုကို လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုထားပေမဲ့ သူတို့နဲ့အနီးဆုံးက ကျွန်တော်တို့နိုင်ငံပဲ။ နယ်စပ်ကီလိုမီတာ ၂,၀၀၀ ထိစပ်နေတဲ့ နိုင်ငံဖြစ်လို့ သင့်လျော်တယ်လို့ ယူဆတယ်၊ ပြီးတော့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ ကျွန်တော်တို့အနေနဲ့ အဓိက အခန်းကဏ္ဍက ပါဝင်မယ်ဆိုတာက အာဆီယံနိုင်ငံတွေအတွက် လက်သင့်ခံနိုင်လောက်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ဆရက်သာက အင်္ဂါနေ့မှာပြောပါတယ်။
ဘန်ကောက်က အစိုးရအိမ်တော်အတွင်း Nikkei Asia နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ဝန်ကြီးချုပ်က သံတမန်ရေးရာကနေ ၎င်းရဲ့စီးပွားရေးမူဝါဒတွေနဲ့ ပြည်တွင်းနိုင်ငံရေးတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားသွားခဲ့တယ်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ အာဆီယံက ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ခဲ့တယ်။ သို့ပေမဲ့ အစုအဖွဲ့ရဲ့ စီးပွားရေးအင်အား အကြီးဆုံး ဖြစ်တဲ့ ယခုနှစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက သံတမန်ရေးအရ ကြိုးပမ်းပြီးနောက်မှာတောင် ခရီးအနည်းငယ်သာရောက်ခဲ့တယ်။ အစုအဖွဲ့အနေနဲ့ လက်ရှိ၊ ယခင်နှင့် နောက်လာမယ့်ဥက္ကဋ္ဌများပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံက ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ မကြာသေးမီက ဆုံးဖြတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံဟာ ကာလရှည် စစ်ဘက်ဆက်ဆံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအရ အကျိုးစီးပွား ထပ်တူကျတဲ့ နေပြည်တော်နဲ့ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၄၅,၀၀၀ ခန့် ထိုင်းနိုင်ငံထဲဝင်ရောက်လာပြီး ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း နယ်စပ်ပြည်နယ်တွေကို ဖိအားဖြစ်စေခဲ့ပါတယ်။
“ဒုက္ခသည်တွေရဲ့ အခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ဒုက္ခသည်တွေရော ဒေသခံတွေကိုပါ ကျန်းမာရေးနဲ့ အကျိုးစီးပွားအရ ထိခိုက်လာနိုင်တဲ့ အဖြစ်အပျက်တွေ အများကြီး တွေ့ခဲ့ရတယ်” လို့ ဆရက်သာက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးကုန်သွယ်မှုနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဆွေးနွေးရမဲ့ အနေအထားဖြစ်နေတဲ့အပေါ် အဆင်မပြေဘူးလို့ ဝန်ကြီးချုပ်ကပြောပါတယ်။
“သူတို့ပြည်တွင်းပြဿနာက နေရာတိုင်းမှာ စစ်ပွဲတွေ ပိုဆိုးစေတယ်။ အဲတော့ သူတို့အနေနဲ့ ငွေပိုရဖို့ မူးယစ်ဆေးတွေ ပိုပိုရောင်းဖို့လိုလာရော၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နယ်စပ်ကို ကောင်းကောင်းကာကွယ်ဖို့ လိုတယ်” လို့ ဆရက်သာက ပြောပါတယ်။
တိုက်ပွဲတွေ ပိုဆိုးလာရင် နယ်စပ်က ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပြင်ဆင်ပေးနိုင်ဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာက မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ဆရက်သာက ဆက်ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ မြန်မာစစ်တပ်ကို ထိုးစစ်ဆင်ခဲ့ရာက ပြည်သူသန်းဝက်လောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်။ တိုက်ပွဲတွေအများစုက ရှမ်းပြည်နယ်မှာဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနားလေးတင်ဖြစ်တယ်။
ထိုင်းနိုင်ငံဟာ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား စစ်ပွဲဖြစ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကစလို့ ၎င်းတို့နိုင်ငံသား ၃၉ ဦး ဆုံးရှုံးခဲ့ရပြီး ဖမ်းဆီးခံရတဲ့ ဓားစာခံ ၃၁ ဦးမှာ ၂၃ ဦး နေအိမ်ကို ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဓားစာခံ စေ့စပ်ညှိနှိုင်းမှုနဲ့ ပတ်သက်လို့ ဆရက်သာက ထိုင်းနိုင်ငံရဲ့ ကြားနေမှုကို ညွှန်းဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ အောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့ရဲ့ နိုင်ငံရေးပုံစံကြောင့်ပါ။ ကျွန်တော်တို့က ကြားနေတယ်၊ ပဋိပက္ခမှာ မပါဝင်ဘူး။ အားလုံးက ဒေသစီးပွားရေး တိုးတက်အောင် ကူညီဖို့ အဲဒီ့မှာ ရှိနေတာ။ သူတို့တွေက ပဋိပက္ခထဲမပါဘူး။ စိုက်ပျိုးရေးအတွက်ပဲကူညီတာ။ ဒါကြောင့် သူတို့တွေအနေနဲ့ မထိခိုက်မှာမဟုတ်ဘူးလို့ မျှော်လင့်တယ်” လို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံဟာ ၎င်းရဲ့ ကြားနေမူကိုအသုံးချပြီး ခရီးသွားလုပ်ငန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံကို ဘက်မလိုက်တဲ့ ကစားကွင်းတစ်ခုသဖွယ် ကြော်ငြာခဲ့ပြီးနိုင်ငံရေး တင်းမာမှုများကြောင့် နေရာပြောင်းရွေ့အခြေချလိုတဲ့ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် အမေရိကန်ကုမ္ပဏီတွေအတွက် ကုန်ထုတ်လုပ်မှုဌာနေ များအဖြစ် နေရာချထားပေးနိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။
Ref: AsiaNikkei/ bSrettha pushes Thailand for lead role in Myanmar talks