ငပုတပ်က Bluetooth Boxကိုကြောက်ပြန်ပြီ

ရန်ကုန်တွင် Bluetooth Box များကို မိုင်းနှင့်တွဲထောင် အသုံးပြုနေသဖြင့် Bluetooth Box ဝယ်ယူသူများကို မှတ်ပုံတင်နှင့်နေရပ်လိပ်စာ မှတ်သားထားရန် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များကို ရဲ၊ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံ စစ်ဆေး ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်မြို့တွင် Bluetooth Box များကို မိုင်းနှင့်တွဲထောင် အသုံးပြုနေသဖြင့် Bluetooth Box ဝယ်ယူသူများကို မှတ်ပုံတင်နှင့်နေရပ်လိပ်စာ မှတ်သားထားရန် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များကို ရဲ၊ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံ စစ်ဆေး ညွှန်ကြားနေကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တို့တွင် ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် Bluetooth Box နှင့်တွဲ၍ မိုင်းထောင် ဖောက်ခွဲမှုများ ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် Bluetooth Box ရောင်းချပါက ဝယ်ယူသူ၏ အမည်၊ နေရပ်လိပ်စာနှင့်မှတ်ပုံတင်နံပါတ်၊ ဝယ်ယူသည့် အလုံးအရေအတွက်များကို မှတ်သားထားရန် လိုက်လံ စစ်တပ်၊ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေး ညွှန်ကြား သတိပေးကြောင်း သိရှိရသည်။

“အုပ်ကြီးနဲ့အဖွဲ့က လျှပ်စစ်ပစ္စည်းဆိုင်တွေ လိုက်စစ်တယ်။ ဆိုင်တွေမှာ Bluetooth box တွေ ဘယ်နှစ်လုံးရှိလဲစာရင်းလိုက်ကောက်ပါတယ်။

တကယ်လို Bluetooth box ရောင်းမယ်ဆိုရင်လည်း လာ၀ယ်တဲ့လူရဲ့မှတ်ပုံတင်နံပါတ်နဲ့နေရပ်လိပ်စာပါအတိကျတောင်းထားရန်ဖို့ လိုက်ပြောတယ်။ ဘာလို့လဲဆိုတော့ box တွေနဲ့ဗုံးထောင်လို့တဲ့။ ဆိုင်ရှင်ရဲ့ မှတ်ပုံတင်နဲ့ ကိုယ်ရေးအချက်အလက်တွေလည်း ယူသွားတယ်” ဟု မင်္ဂလာဒုံမှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ဒီဇင်ဘာ ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် မြို့နယ် ၁၁ ခုတွင် Bluetooth Box နှင့်ချိတ်ဆက်ထားသော မိုင်းများ ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုများတွင် လူ ၁ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို ALPHA OPEARTION က စမ်းသပ်စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပိုမိုပြင်းထန်သော စစ်ဆင်ရေးများကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်ပါ တစ်ပြိုင်နက်တည်း ဆင်နွှဲသွားမည်ဖြစ်ကြောင်း၊ မြို့နေ ပြည်သူများအနေဖြင့်လည်း မိမိနှင့် မဆိုင်သည်များတွင် ပါဝင်စွက်ဖက်ခြင်း မပြုရန်နှင့် မြို့ပြ အထူးစစ်ဆင်ရေးကို နိုင်သည့်ဘက်မှ ၀ိုင်းဝန်း အားဖြည့် ကူညီပေးကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ- Bluetooth Box နှင့် ချိတ်ဆက်ထားသော မိုင်းတစ်လုံးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်း မြင်တွေ့ရစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *