သတင်းကောင်းလေးဖက်ပြီ ကော်ဖီသောက်

နမ့်ဆန်မြို့တွင် ပျောက်ဆုံးနေသည့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း သေဆုံး (သို့မဟုတ်) ဖမ်းဆီးခံရပြီဟု စစ်ကောင်စီက မှတ်ချက်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ်ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ပြီးနောက် စစ်ကောင်စီက သေဆုံး(သို့မဟုတ်) ဖမ်းဆီးခံရဟု အစီရင်ခံ မှတ်ချက်ပြုထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို TNLA က သိမ်းပိုက်ပြီးနောက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အပါအဝင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများနှင့်စစ်ကြောင်းတချို့ပါ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေခဲ့ကြောင်း၊ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေမှု သီတင်းတစ်ပတ်ကြာမြင့်လာချိန်တွင် အဆက်အသွယ်မရရှိသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း အပါအဝင် ထိပ်တန်းအရာရှိများ သေဆုံးပြီ(သို့မဟုတ်) ဖမ်းဆီးခံရပြီဟု စစ်ကောင်စီ၏ ဌာနတွင်း အစီရင်ခံစာတွင် တင်ပြ မှတ်ချက်ပြုထားကြောင်း သိရှိရသည်။

“ဌာနတွင်းမှာတော့ တိုက်ပွဲအတွင်း ကျဆုံး (သို့မဟုတ်) ရန်သူရဲ့ ဖမ်းဆီးခံရမှု ဖြစ်ပြီလို့တော့ အစီရင်ခံတင်ပြမှုရှိတယ်။ ဘယ်လိုမှ ဆက်သွယ်လို့မရတော့တာက အသေအချာပါ။ ဗိုလ်မှူးချုပ် မင်းမင်းထွန်း အကြောင်းပြောမယ်ဆိုရင် စစ်မှုထမ်းကောင်းတံဆိပ်ကို အမိန့်ကြော်ငြာစာအမှတ် ၄ /၂၀၂၂ နဲ့ ချီးမြှင့်ခံထားရတဲ့ သူဖြစ်ပါတယ်။ နောက်တစ်ခါ တာချီလိတ် စစ်ဗျူဟာအခြေချရဲ့ ဗျူဟာမှူး လုပ်ခဲ့တယ်။ အဲဒီနောက်မှာ ၂၀၂၃ ခုနှစ် ဧပြီလမှာ ရာထူးတိုးပြီး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး ရာထူးနဲ့ နမ့်ဆန်ကို ပြောင်းခွင့်ရတယ်။ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဖြစ်လာတယ်။ အဲဒါတွေက ၂၀၂၃ တစ်နှစ်ထဲမှာ ဖြစ်ပျက်တာတွေပါ။ သူရဲ့ ဘ၀ အနိမ့်အမြင့်လို့ ပြောရမယ်။ အခုကတော့ ရန်သူလက်ထဲမှာ ဖမ်းဆီးခံရပြီး သေဆုံးတာ၊ တိုက်ပွဲမှာ ကျဆုံးတာ အဖြစ် မှတ်ချက်ပြုရတော့မယ့် အခြေအနေဖြစ်ပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းနှင့်အတူ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဝင်းသန်းထိုက်၊ နမ့်ဆန်မြို့နယ်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း၊ ရဲမှူး နေဝင်းထွန်း၊ နမ့်ဆန်မြို့စောင့်တပ် ခလရ ၂၅၄ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး၊ နမ့်ဆန်ဗျူဟာမှူး ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများပါ တိုက်ပွဲတွင် ကျဆုံး(သို့မဟုတ်) ရန်သူ၏ ဖမ်းဆီးခြင်းခံရဟု တပ်တွင်းအစီရင်ခံစာတွင် မှတ်ချက်ပြု ဖော်ပြထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် တာချီလိတ် စစ်ဗျူဟာ အခြေချ၏ ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *