မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး ၊နွားထိုးကြီးမြို့နယ်တွင် စစ်ကားများမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူစောထီးကျေးရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှစ၍ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၃ နာရီအထိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော မြင်းခြံမြို့နယ်၊ ညောင်ငုတ်တိုပျူစောထီးရွာစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၂၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် မှ ဗိုလ် ၁ ဦး၊ ပျူစောထီး ၁ ဦးပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution Force နှင့် 8 Star ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နွားထိုးကြီးမြို့နယ်တွင် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က မလှိုင်မြို့ဘက်မှ နွားထိုးကြီးမြို့ဘက်သို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မတ်တူး ကားတစ်စီးကို အောင်သာကျေးရွာအနီးအ ရောက် မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် မြင်းခြံမြို့မှ နွားထိုးကြီးမြို့ဘက်သို့ ထွက်လာ သည့် စစ်ကောင်စီကား ၃ စီးကို လျော်ဖြူ- သာယာကုန်းကျေးရွာအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ကား တစ်စီး အောက်ပိုင်း လုံးဝပျက်စီးသွားကြောင်း သိရှိရသည်။