တောင်ငူသို့ပို့ခံရမှာကြောက်လို့ ကိုလှရွှေတို့ပြေးပြီ

စစ်တိုက်ရန် တောင်ငူသို့ပို့သည့် မင်းလှရဲစခန်းမှ နယ်ထိန်းရဲ ၄ ဦး ထွက်ပြေး

ဧရာဝတီတိုင်းမ်

(မင်းလှ)၊ ဒီဇင်ဘာ ၂၃ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ‌ လေးဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် တောင်ငူသို့ ရှေ့တန်းပို့ခံရသည့်အတွက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

မင်းလှမြို့မရဲစခန်းတွင် နယ်ထိန်းရဲတာဝန်ယူထားသည့် ဦးဇော်မျိုးထွန်း(ခ)ကြက်တူရွေး

(မြို့တွင်းနယ်ထိန်း)၊ ဦးဝင်းသူ (ကျွှဲတဲကုန်းနယ်ထိန်း)၊ ဦးထွန်းလင်းအောင် (သရက်တပင်) နှင့် အမည်စုံစမ်းဆဲ နယ်ထိန်း တစ်ဦးအပါအဝင် စုစုပေါင်း လေး ဦးမှာ စစ်တိုက်ရန် တောင်ငူသို့ နယ်ပြောင်းခံရချိန်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကြားရတာတော့ သာယာဝတီခရိုင်ဘက်က ရဲစခန်းကရဲတွေ ဆယ်ယောက် လောက်ပြေးတယ်သတင်းကြားတာ။ ကျန်တဲ့သူတွေတော့မသိပေမယ့် မင်းလှရဲစခန်းက လေးယောက်ကသေချာတယ်။ အရင်က မုန်းတိုက်ပွဲမှာ ရှေ့တန်းသွားရတဲ့ ရဲတွေအကုန် သေသွားတော့ အခု သူတို့အလှည့်ကျ တောင်ငူကိုပြောင်းရတော့ အဲ့ဒီကတဆင့် မုန်းဘက်ရောက်ပြီး သေမှာကြောက်ပြီး ပြေးကြတယ်လို့ သိရတယ်။ သူတို့နဲ့ ကျွန်တော်တို့ အဆက်အသွယ်ရထားပါတယ်” ဟု မင်းလှမြို့နယ်ရှိ တော်လှန်ရေးတက်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးခဲ့ကြသည့် ရဲများအနက် ဦးဇောမျိုးထွန်း(ခ)ကြက်တူရွေးမှာ မိသားစုနှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ဦးဝင်းသူ(ကျွဲတဲကုန်းနယ်ထိန်း)မှာ အာဏာမသိမ်းခင် အချိန်ကတည်းက နှုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီကနှုတ်ထွက်ခွင့်မပြုသည့်အတွက် ယခုအချိန်တွင် ထွက်ပြေးရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် မုန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသာမက ရဲများ၊ ပျူစောထီးများပါ တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများပြားခဲ့ကာ ယခုအခါတွင် စစ်ကောင်စီက မုန်းမြို့ကို အင်အားအများအပြားစစ်ကူပို့ကာ ပြန်လည်တပ်စွဲနေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲများပိုမို‌ဖော်ဆောင်လာသည်နှင့်အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း CDM ပြုလုပ်ခြင်းများ၊ လက်နက်ချအလင်းဝင်ခြင်းများ ပိုမိုများပြားလာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း KNLA တပ်မဟာ-၆ ထံသို့ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၀၂ မှ ဗိုလ်ကြီးကျော်ဗိုလ်ဗိုလ်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် သုံး ဦးမှာ လက်နက်နှင့်တကွ CDM ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *