စခ စိုးဝင်းကို သံစုံတီးဝိုင်းက ကြိုဆိုလိုက်တဲ့ရန်ကုန်

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်ရှိနေချိန် မြို့နယ် ၃ ခုတွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ၇၆ နှစ်နှစ်ပြည့် ရေတပ်အခမ်းအနားကို ရန်ကုန်တွင် လာရောက် တက်ရောက်စဉ် မြို့နယ် ၃ ခုတွင် ယမန်နေ့ညပိုင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျောင်းလမ်းမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၇ နာရီ ၅၀ မိနစ်လောက်မှာ မြောက်ဒဂုံ၊ ကျောင်းလမ်းမှတ်တိုင်နားမှာ ဗုံးပေါက်ကွဲသံ ကျယ်ကျယ်လောင်လောင်ကြားရတယ်။ ၃ ချက်ဆက်တိုက်ပေါက်တာ။ ပင်လုံအိမ်ရာဘက်က လာတယ်လို့လည်းပြောတယ်။ မြောက်ဒဂုံနေရာတော်တော်များများက ကြားရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်တပ်၏ လုံခြုံရေးဘန်ကာအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လမ်းတချို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ Myanmar People Revolutionary Army ,Yangon UGအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၁၆ မိနစ်အချိန် သမိုင်းလမ်းဆုံမှာရှိတဲ့ စစ်ခွေးဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ MPRA Yangonက စစ်ကောင်စီကို အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပါတယ်” ဟု Myanmar People Revolutionary Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ သာကတေမြို့နယ်တွင်လည်း ည ၁၀ နာရီဝန်းကျင်အချိန် ဗုံးပေါက် ကွဲသံကြားရပြီး နေရာကိုမူ အတိအကျ မသိရှိရကြောင်း၊ အကြမ်းဖက်စစ် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ခရီးစဉ်အတွက် သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် လုံခြုံရေးထူထူထပ်ထပ် ချထားချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် ယမန်နေ့ ညပိုင်း ရန်ကုန်လေဆိပ်ပတ်ဝန်းကျင်တစ်ခုလုံးတွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး ပြင်ပမှ ကားများ၊ ဆိုင်ကယ်များ ဝင်ထွက် အထူးစိစစ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ရန်ကုန်တွင် ၇၆ နှစ်ပြည့် ရေတပ်အခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် စိုးဝင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *