ငြိမ်းချမ်းခြင်းကို မေတ္တာနဲ့သာ အနိုင်ယူနိုင်တယ်လို့ ဘဘကြီးပြော

အမည်ပျက်စာရင်းသွင်းခံထားရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငြိမ်းချမ်းခြင်းကို မေတ္တာနဲ့သာ အနိုင်ယူနိုင်တယ်လို့ ပြော

C8 News

ရန်ကုန်၊ဒီဇင်ဘာ(၂၄)

မွတ်စလင်ဘာသာဝင်တွေနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု ကျူးလွန်ခဲ့တာကြောင့် အမည်ပျက်စာရင်းသွင်းခံထားရတဲ့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငြိမ်းချမ်းခြင်းကို မေတ္တာနဲ့သာ အနိုင်ယူနိုင်တယ်လို့ ပြောပါတယ်။

မနေ့က(ဒီဇင်ဘာ၂၃)ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှိတဲ့ Holy Cathedral Church မှာကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို တက်ရောက်ချိန်မှာ သူကပြောဆိုခဲ့တာပါ။

” ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင်မှာဖြစ်ကြောင်း” သူကပြောခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ မွတ်စလင် ၇သိန်း ၃ သောင်းဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီးနယ်မြေရှင်းလင်းချိန်မှာ စစ်တပ်က လူသတ်မှုတွေ၊ အုပ်စုလိုက် မုဒိမ်းကျင့်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်ခဲ့ကြတဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကိုအမေရိကန်က အမည်ပျက်စာရင်းသွင်းပိတ်ဆို့ အရေးယူခဲ့တာပါ။

၂၀၂၁ခုနှစ် အာဏာသိမ်းဖြစ်စဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ မတရားပုဒ်မတပ် ဖမ်းဆီးထောင်ချတာ၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားကျေးရွာတွေကို လေကြောင်းကနေတိုက်ခိုက်တာ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့မုဒိန်းမှုတွေကျူလွန်ခဲ့တာတွေမှာ အဓိကတာဝန်ရှိသူ ဖြစ်တဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လူသားအချင်းချင်း မေတ္တာထား ကြပါလို့ ပြောခဲ့ပါသေးတယ်။

” လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပိုသပါသည်” လို့သူကပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် Holocaust Museum ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်နဲ့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ကတော့ ၂ဝ၂၂ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံကို နံပါတ် ၃ နေရာကနေ ဖော်ပြထားပါတယ်။

ပုံစာ-ရုရှားမှာလက်နက်ဝယ်နေတဲ့ ဒုချုပ် စိုးဝင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *