နောက်ဆက်တွဲတွေပါမြန်မြန်မိပါစေ

တရုတ်နိုင်ငံက ၀ရမ်းထုတ်ထားသည့် ကိုးကန့် ဥက္ကဋ္ဌ ဟောင်း ပယ်ဆောက်ချိန် လက်ကိုင်တုတ် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တရုတ်နိုင်ငံက ၀ရမ်းထုတ်ထားသည့် ကိုးကန့်ဒေသ ဥက္ကဋ္ဌ ဟောင်း ပယ်ဆောက်ချိန်၏ လက်ကိုင်တုတ် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုကို MNDAA က ဖမ်းဆီးရရှိကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ကိုးကန့်ဒေသအခြေစိုက် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒု တပ်ရင်းမှူး လီဖုဆိုကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးရရှိကြောင်း၊ အမှတ် ၂၁ တပ်ရင်း၏ တပ်ရင်းမှူးမှာ တရုတ်က ၀ရမ်းထုတ်ထားသူ ကိုးကန့်သူဌေး မြီရှောက်ချန်း( မိမိကိုယ်ကိုကိုယ် သတ်သေသူ) ၏ သားအကြီး မြီရှောက်အန်းဖြစ်ကြောင်း၊ မြီရှောက်အန်းသည် ကျန်းမာရေး မကောင်းမွန်ကြောင်း၊ ထို့ကြောင့် အမှတ် ၂၁ ရဲတပ်ရင်းကို ဒုတပ်ရင်းမှူး လီဖုဆိုက အဓိက ကြိုးကိုင်ကြောင်း သိရှိရသည်။

“အမှတ်(၂၁)လုံခြုံရေးရဲတပ်ရင်းမှာ ဒု တပ်ရင်းမှူး ပယ်ရင်ဖား (ပယ်ဆောက်ချိန်ရဲ့ တူအရင်း)နဲ့ ဒု တပ်ရင်းမှူး လီဖုဆို ရှိတယ်။ လီဖုဆိုက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိတယ်။ ရဲတပ်ရင်း ၂၁ က ရန်လုံကျိုင်း အချုပ်ထောင်ကို ကွပ်ကဲရသလို ရာဇဝတ်မှုတွေ ကိုင်တွယ်ခဲ့ရပါတယ် သေဒဏ်သမား တွေကို သူတို့ တာဝန်ယူပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တာ အမှတ် ၂၁ ရဲတပ်ရင်းလို့ ဆိုကြတယ်။ ဒု တပ်ရင်းမှူး လီဖုဆို ဟာ ကျားဖျန့် အလုပ်တွေ လုပ်ခဲ့သူ လို့ ဆိုပါတယ်။ အခု သူ့ကို မိပြီဆိုတော့ မေးမြန်း စစ်ဆေးကြည့်ရင် ကွင်းဆက်တွေ အများကြီး ပေါ်လာနိုင်ပါတယ်” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် MNDAA ၏ ပြောရေးဆိုင်ခွင့်ရှိသူ လီကျားဝင်းကို အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုကို ဖမ်းဆီးရရှိသည့်သတင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်းမရှိပေ။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ LiaoNing ပြည်နယ် DaLianမြို့မှ သက်ဆိုင်ရာတရားစီရင်ရေးရုံးက ကိုးကန့်ရုပ်သေးအဖွဲ့ဖြစ်သော ဦးပယ်ဆောက်ချိန်အပါဝင် ၁၀ ဦးကို ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများကို ကျူးလွန်မှုကြောင့် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ဖမ်း၀ရမ်းထုတ်ဆင့်သူများမှာ-

၁။ ဦးပယ်ဆောက်ချိန်

၂။ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား)

၃။ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး)

၄။ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း

၅။ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)

၆။ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား)

၇။ ဦးလျှိုကျိမ့်ရှန်

၈။ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား)

၉။ လျှိုကျိမ့်မောက်

၁၀။ ရွှီလောက်ဖာ(ခ)ရွှီဖာချီ တို့ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက အွန်လိုင်းဆိုက်ဘာလိမ်လည်မှုများနှင့်ပတ်သက်ပြီး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာဘက်ခြမ်းမှ စစ်ကောင်စီ ကျောထောက် နောက်ခံပေးထားသော အွန်လိုင်းဆိုက်ဘာဂိုဏ်းများမှ ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *